မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၁၇ ရက်က လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ကြောင်း ယနေ့ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။
အဆိုပါ ဥပဒေကို အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်၊ ပြည်ပနိုင်ငံသို့ ခရီးသွားလာခြင်းများကို စီမံခန့်ခွဲရန်နှင့် ပက်စ်ပို့အတုပြုလုပ်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် တနည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့ကို ကာကွယ်ရန် ပြဋ္ဌာန်းခြင်းဟု ဆိုထားသည်။
ဥပဒေတွင် ပက်စ်ပို့လျှောက်ထားခွင့်ရှိသူဖြစ်ကြောင်း အထောက်အထား မတင်ပြနိုင်သူ၊ စစ်အုပ်စုက နိုင်ငံသားအဖြစ်မှ ရပ်စဲထားသူ၊ လိမ်လည်လှည့်ဖြားလျှောက်ထားသူ၊ ပြစ်ဒဏ်ကျခံနေရသူ၊ ပြစ်မှုတခုခုဖြင့် အရေးယူခံရပြီး တရားရုံး သို့မဟုတ် သက်ဆိုင်ရာဌာနက ပက်စ်ပို့ထုတ်မပေးရန် တင်ပြချက်လက်ခံရခြင်းတို့အား စိစစ်တွေ့ရှိပါက ပက်စ်ပို့ထုတ်ပေးရန် ငြင်းပယ်နိုင်ကြောင်း ဖော်ပြသည်။
ထို့ပြင် စစ်အုပ်စုက နိုင်ငံလုံခြုံရေးနှင့် အကျိုးစီးပွားကို နှောင့်ယှက်ဖျက်စီးနိုင်သည်ဟု ယူဆခံရသူ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုထားပြီး သတ်မှတ်ကာလမပြည့်သေးသူ၊ တရားရုံးက ခံဝန်ချုပ် ချုပ်ထားသည့် ကာလမပြည့်သေးသူ နှင့် ပြည်ပနိုင်ငံ၏ တည်ဆဲဥပဒေတရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသူတို့ကိုလည်း ငြင်းပယ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း စိစစ်တွေ့ရှိပါက ထုတ်ပေးထားသည့် ပက်စ်ပို့ကို ပယ်ဖျက်ရမည်ဖြစ်ကြောင်းလည်း ဥပဒေတွင် ထည့်သွင်းထားသည်။
“မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရန် ငြင်းပယ်ခြင်း သို့မဟုတ် ထုတ်ပေးထားသည့် မြန်မာနိုင်ငံ ကူးလက်မှတ်ကို ပယ်ဖျက်ခြင်းခံရသူသည် အကြောင်းကြားချက်ပေးပို့သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ အယူခံဝင်ရောက်နိုင်သည်”ဟုလည်း ဆိုထားသည်။
ထို့ပြင် စစ်ကော်မရှင်က ကိုယ်ရေးအချက်အလက်များကို ချစ်ပ်ပြားတွင် ထည့်သွင်းထားသည့် လုံခြုံရေးအဆင့်မြှင့်ထားသော အီလက်ထရောနစ်ပက်စ်ပို့စနစ် ကျင့်သုံးရန် စီစဉ်နေပြီး အဆိုပါ စနစ် ကျင့်သုံးသည့်အခါ အီလက်ထရောနစ်ပက်စ်ပို့အသစ်ကို သတ်မှတ်ချက်နှင့် အညီသက်ဆိုင်ရာသို့ လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် မူလပက်စ်ပို့ကို သက်တမ်းကုန်ဆုံးသည်အထိ အသုံးပြုနိုင်ကြောင်းလည်း ဥပဒေတွင် ပါရှိသည်။
အဆိုပါ ဥပဒေတွင် ပက်စ်ပို့အတု ကိုင်ဆောင်ခြင်း မပြုရဟူသည့်အချက်အပါအဝင် တားမြစ်ချက်များကိုလည်း ဖော်ပြထားပြီး အတု သို့မဟုတ် ဆင်တူယိုးမှား ပြုလုပ်ထားသည့် ပက်စ်ပို့ကို လက်ဝယ် ထားရှိခြင်း သို့မဟုတ် ကိုင်ဆောင်အသုံးပြုခြင်း ပြုပါက အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံး ငါးနှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ငွေဒဏ် ငါးသိန်းမှ အများဆုံး ၁၀ သိန်းအထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ပက်စ်ပို့ လျှောက်ထားရာတွင် အချက်အလက် အထောက်အထားများကို မမှန်မကန်ဖော်ပြခြင်း ၊ တင်ပြခြင်း ပြုလုပ်ပါက အနည်းဆုံးထောင်ဒဏ် သုံးလမှ အများဆုံး တနှစ်အထိဖြစ်စေ၊ ငွေဒဏ် ငါးသိန်းဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်းလည်း ဆိုသည်။
ထို့ပြင် ပက်စ်ပို့ကို အခြားသူတဦးဦးအား ရောင်းချခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် တနည်းနည်းဖြင့် လွှဲပြောင်းပေးပါက အနည်းဆုံးထောင်ဒဏ် သုံးလမှ အများဆုံး ထောင်ဒဏ် တနှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ငွေဒဏ် ကျပ် သုံးသိန်းမှ အများဆုံး ကျပ် ငါးသိန်း အထိ ချမှတ်နိုင်ကြောင်းလည်း ပါရှိသည်။
မိမိကိုင်ဆောင်ခွင့်မရှိသည့် ပက်စ်ပို့ကို လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်း၊ တဆင့်ငှားရမ်းခြင်း၊ ပေါင်နှံ၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် တနည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ အတုပြုလုပ်ခြင်း၊ ဆင်တူယိုးမှား ပြုလုပ်ခြင်း သို့မဟုတ် အတု သို့မဟုတ် ဆင်တူယိုးမှား ပြုလုပ်ထားသည့် ပက်စ်ပို့ကို ရောင်းချခြင်း ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ် တနှစ်မှ အများဆုံးထောင်ဒဏ်ငါးနှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ငွေဒဏ် ၁၀ သိန်းမှ အများဆုံး ငွေဒဏ် ၁၅ သိန်းအထိ ချမှတ်နိုင်ကြောင်းလည်း စစ်ကော်မရှင်က ပြဋ္ဌာန်းထားသည်။







