အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်ထားသူများကို ဆွဲချကာ စစ်ဆေးမေးမြန်းပြီး ငွေကျပ် ငါးသောင်းအထက် တောင်းကာ ပြန်လွှတ်ပေးကြောင်း ကိုယ်တိုင်ကြုံတွေ့သည့် အသက် (၄၀)အရွယ်ရှိ ကားသမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဂိတ်မှာဆို ခရီးသည်တွေရဲ့ စာရင်းကို သွားပြရတာ၊ သူတို့စိတ်ကြည်တဲ့အချိန်ဆို ဒီတိုင်းပေးသွားတာ၊ သူတို့ရစ်ချင်တဲ့ အချိန်ဆို ခရီးသည်တွေနား မှတ်ပုံတင်တောင်းကြည့်တယ်၊ မလဲထားသေးရင်း တန်းဆွဲချတာ ဘာလို့ မလဲတာလဲ မလဲထားရင် ဒဏ်ငွေဆောင်ဆိုပြီး ငါးသောင်းတောင်းတာ၊ တစ်ချို့ဆို တစ်သိန်းလောက် တောင်းတာ။”ဟု ၎င်းကဆိုသည်။

ထို့အပြင် ခရီးသည်တင်ကားများကိုလည်း စစ်ဆေးတင်းကြပ်ထားပြီး ငွေကြေးနှင့် ခရီးသွားများ၏ အချက်လက်များကို ပေးပို့မှသာလျှင် ထိုဂိတ်မှ ဖြတ်သန်းခွင့်ရကြောင်း သိရသည်။

ဆက်လက်ပြီး ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံ-မန္တလေးသွားလမ်းမှ စစ်ကော်မရှင်ဂိတ်တွင်လည်း မှတ်ပုံတင်မလဲထားသည့် အသက်(၈၀)ကျော် အမျိုးသမီးတစ်ဦးကို ကားပေါ်မှ ဆွဲချကာ ငွေကျပ် ရှစ်သောင်း တိတိ တောင်းပြီး ပြန်လွှတ်လိုက်ကြောင်း ခရီးသည်များကို ပို့ဆောင်နေသည့် ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့က ကားထဲကိုသေချာကြည့်တာ၊ မှတ်ပုံတင်လည်း တောင်းကြည့်တယ်၊ အပြင်ရုပ်နဲ့ ပုံထဲက ရုပ်မတူရင်လည်း ရစ်တယ်၊ အသက် (၈၀)ကျော်အဖွားးတစ်ဦးကိုလည်း မှတ်ပုံတင်မလဲထားလို့ ပိုက်ဆံရှစ်သောင်း တောင်းလို့ ပေးခဲ့ရတာ၊ အရမ်းအစစ်ဆေးတင်းကြပ်တယ်၊ခရီးသွားလာလို့ သိပ်မကောင်းတော့ဘူး။”ဟု အဆိုပါ အမျိုးသားက ပြောသည်။

ရွာငံ-အောင်ပန်းသွားလမ်းတွင်လည်း စစ်ကော်မရှင်တပ်ဂိတ် သုံးခုထက်မနည်းရှိပြီး ခရီးသွားလာသူများကို စစ်ဆေးမှုတင်းကြပ်ထားကြောင်း ၎င်းအမျိုးသာက ဆက်ပြောသည်။

နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် စစ်ကော်မရှင်တပ်က ရွာငံမြို့နယ်အတွင်း တပ်စွဲကာ သွားလာမှုကန့်သတ်ထားပြီး ရှောင်တခင်စစ်ဆေးမှုများ ‌ ပြုလုပ်နေသည်။

ယခုလက်ရှိ အေးသာယာမြို့အပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ဂိတ်များတွင် အစစ်ဆေးတင်းကြပ်ထားပြီး မှတ်ပုံတင်များကို စက်ဖြင့်စစ်ဆေးကာ စစ်မှုထမ်းစာရင်းပါသူများကို ဖမ်းဆီးနေကြောင်း သိရသည်။

ပုံစာ- အေးသာယာမြို့

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...