ကလေးမြို့တွင် အိမ်ငှားခဈေး မြင့်တက်လာ

ကလေးမြို့တွင် အိမ်ငှားခဈေး မြင့်တက်လာ

စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလှုံကြသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အိမ်ငှားရန်ရှားပါးလာသည့် အပြင် အိမ်ငှားရမ်းခဈေးနှုန်းမှာလည်း အဆမတန်မြင့်တက်လာသည်ဟု မြို့တွင်း အိမ်ငှားနေထိုင်သူများထံမှ သိရ သည်။

“စစ်ရှောင်တွေများလာတော့ ငှားဖို့ အိမ်‌က ပိုပိုရှားလာတာပေါ့လေ။ အခု ငှားတဲ့အိမ်ဆိုရင် စနေတုန်းက ရှစ်သောင်းလေ အခုတဖြည်းဖြည်းတက်လာတာ တစ်သိန်းခွဲအထိရှိလာပြီ။ ဒီနှစ်စမှာ (၃) လစာ ကြို တောင်းတယ်။ (၁) လစာတောင် မနည်းရှာပြီးပေးရတဲ့အချိန်မှာ ကျမတို့အတွက် တော်တော် အခက် တွေ့တယ်။” ကလေးမြို့ပေါ်တွင် နှစ်ရှည်အိမ်ငှား နေထိုင်သူ အမျိုးသမီးက ပြောသည်။

ချင်းပြည်နယ် နှင့် ကလေး-ကဘော်ဒေသများတွင်ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကလေးမြို့ပေါ်သို့ စစ် ဘေးရှောင်များတနေ့ထက်တနေ့များလာသောကြောင့် အိမ်ပိုင်ရှင်များကလည်း အိမ်ငှားခဈေးနှုန်းများ အဆမတန်မြှင့် တင်ထားကြသည့်အပြင် ငွေများများပေးနိုင်သူများကို အိမ်ငှားပေးလေ့ရှိကြသည်ဟု သိရသည်။

“မြို့ပေါ်ကိုပဲ အားလုံးက လာနေကြတော့ အိမ်တွေက လွတ်တဲ့အိမ်ကို မရှိတော့တာ။ တချို့နေရာမှာ တိုက်ပွဲမဖြစ် တော့ ဘူးဆိုပေမယ့် သူတို့ကရွာတွေကို မပြန်ကြဘူးလေ။ ရွာမှာ လုပ်ကိုင်စားသောက်ဖို့က ဒီမှာထက်ခက်တော့ မြို့ပေါ် မှာပဲ ရှိတဲ့အလုပ်လေးတွေလုပ်ပြီးနေကြတာ။ နေ့တိုင်း ငှားဖို့ ရှာတဲ့သူတွေပဲ အခုအိမ်ငှားထွက်ရင် အခုဝင် မယ့်သူက အဆင့် သင့်ကို ရှိနေတော့တာ။ အခုထိလည်း ဖလမ်းဖက်က စစ်ရှောင်တွေ ထပ်လာကြတာ ရှိတယ်လေ။ အဲ့လိုနဲ့ အိမ်ငှား အလွတ်တွေက အခုနှစ်ထဲမှာကို ပိုရှားလာတယ်။” ဟု ကလေး မြို့မှ အိမ်ငှားပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ကလေးမြို့ပေါ် ရပ်ကွက်အတွင်းပိုင်းရှိ အိမ်းငှားခဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းနှင့် အထက်တွင်ရှိနေပြီး ဗိုလ်ချုပ်လမ်းမဘေးရှိ လုံးချင်းအိမ်အပါအဝင် ဆိုင်ခန်းငှားခဈေးနှုန်းမှာ တလလျှင် ငွေကျပ် ၅ သိန်းမှ ရှစ်သိန်း ကျပ်ပေါက်ဈေးရှိကာ အိမ်ငှားရရှိရန်ပင် ရှားပါးသည်အထိ ဖြစ်လာသည်ဟု သိရသည်။

ကလေးမြို့ပေါ်တွင် ချင်းပြည်နယ်အပါအဝင် အနီးနားပတ်ဝန်းကျင်ကျေးရွာများမှ စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးတိမ်းရှောင်လာသူ ထောင်ချီရှိနေပြီး လက်ရှိအချိန်အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေး၍ အိမ်ငှား၍ဖြစ်စေ၊ အသိ မိတ် ဆွေများထံ ခိုလှုံနေထိုင်နေကြရဆဲဖြစ်သည်။

ကလေးမြို့ပေါ်တွင် အိမ်ငှားခ အပါအဝင် ကုန်ဈေးနှုန်းများမြင့်တက်လာခြင်း နှင့် စစ်ကော်မရှင်တပ်ဖွဲ့မှ စစ်မှုထမ်း ဥပဒေအကြောင်းပြကာ နေ့စဉ် လူငယ်များ ပေါ်တာဆွဲ၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေကြသည်ဟု ကလေးမြို့ဒေသခံက ပြောသည်။

June 26, 2026
ဆလိုင်းတင်မောင်ဦး၏ စိတ်ဓါတ်၊ ယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ဆုပ်ကိုင်လျက် စစ်အာဏာရှင်စနစ်...
June 24, 2026
ကလေး- တမူးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် လေ‌ကြောင်း...
June 23, 2026
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော ကလေး - တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို...
June 22, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း...