အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့တို့ကြား လူသားချင်း စာနာထောက်ထားရေး ကဏ္ဍများတွင် ပိုမိုချိတ်ဆက်မှု အားကောင်းပြီး ရှေ့လုပ်ငန်းများအတွက် ပူးတွဲ လုပ်ဆောင်ကြရန် သဘောတူညီဆုံးဖြတ်နိုင်ခဲ့ကြောင်း သိရသည်။
“အဓိက လူသားစာနာကဏ္ဍမှာ အတူတကွ ပူးတွဲလုပ်ဆောင်ဖို့နဲ့ ဒီထက်မက ချိတ်ဆက်မှုအားကောင်းဖို့ အတူလက်တွဲသွားကြရန် ဖြစ်ပါတယ်။ နောက်နောင်လည်းပဲ ဒီထက်မက ချိတ်ဆက်မှုအားကောင်းပြီး လူသားစာနာ ကဏ္ဍမှာ အတူလက်တွဲဖို့ ရှိပါတယ်။ အဓိကဆောင်ရွက်ဖို့ကတော့ စစ်ဘေးရှောင်တွေကို အကူအညီရနိုင်သလောက် ထောက်ပံ့နိုင်ရေးဖြစ်ပါတယ်” ဟု ချင်းပြည် အစိုးရအဖွဲ့မှ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ပူးဇာထောင်းက ပြောသည်။
NUG အစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်း စာနာထောက်ထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအပါအဝင် တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက်၊ လူမှုဖွံ့ဖြိုးရေး ဝန်ကြီး ပူးဇာထောင်း တို့သည် မတ်လ ၁၃ ရက်က အွန်းလိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ရရှိခြင်းဖြစ်သည်ဟု သိရသည်။
ချင်းပြည်အစိုးရ၊ လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဖော်ဆောင်မည့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများ၏ လူသားစာနာ ကဏ္ဍအတွက်လည်း လောလောဆယ် NUG အစိုးရဘက်က ကျပ်သိန်း ၂၅၀ ပံ့ပိုးပေးသည်ဟု သိရသည်။
“လုပ်ငန်းအကောင်အထည်ဖော်ဖို့ကတော့ လောလောဆယ် NUG ဖက်ကနေ လူသားစာနာ ကဏ္ဍအတွက် ကျပ် သိန်း ၂၅၀ ပံ့ပိုးပါတယ်။ဒီအလှူငွေကိုလည်း စစ်ဘေးရှောက်ပြည်သူ တွေအတွက် ဒေသန္တရအစိုးရများနဲ့ ပူးပေါင်း၍ ထိထိရောက်ရောက် ဆောင်ရွက်သွားမှာပါ” ဟု ဝန်ကြီး ပူးဇာထောင်းက ပြောသည်။
NUG အစိုးရနှင့် ချင်းပြည်အစိုးရအဖွဲ့တို့ တွေ့ဆုံရာတွင် ဝန်ကြီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများကို အပြန်အလှန် ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်အတွက် သဘောထား စုစည်းမှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
စစ်အာဏာသိမ်းမှု ၅ နှစ်ကျော် ရှိလာချိန်တွင် ချင်းလူမျိုးများသည် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ ၁၀၀,၀၀၀ ဦးကျော် ရှိလာပြီး နိုင်ငံခြားသို့ ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည် ၆၀,၀၀၀ ဦးကျော်အထိ တိုးမြင့်လာကြောင်း ချင်းရေးအဖွဲ့ချုပ်၏ ဇန်နဝါရီလ ၃၁ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိအခြေအနေသည် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ များသည် အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီသူများကလည်း ထောက်ပြထားသည်။
ဓာတ်ပုံ - NUG အစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်း စာနာထောက်ထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး။







