မွန်မှာ စုံမယာဉ်စစ်ဆေးမှုစတင်

မွန်မှာ စုံမယာဉ်စစ်ဆေးမှုစတင်
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ မတ်လ ၁၆ ရက်နေ့ကစလို့ ဌာနစုံပါတဲ့ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေက စုံ မ ယာဉ် စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ စက်သုံးဆီ ခြိုးခြံချွေတာဖို့နဲ့ စက်သုံးဆီ ဖူလုံမှု ရှိဖို့အတွက်ဆိုကာ လစဉ် စုံရက်တွေမှာ စုံနံပါတ် အက္ခရာ ပါတဲ့ မော်တော်ယာဉ်နဲ့ မရက်တွေမှာ မနံပါတ် အက္ခရာပါတဲ့ မော်တော် ယာဉ်တွေသာ မောင်းနှင်ဖို့ ညွှန်ကြားထားတာပါ။

စုံ၊ မ ယာဉ် မောင်းနှင်ရမယ်စနစ်ကိုတော့ စစ်ကော်မရှင်က ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ မတ်လ ၁၃ ရက်နေ့အထိ ပညာပေးကာလ သတ်မှတ်ထားပြီး မတ်လ ၁၄ ရက်နေ့ကစလို့ စတင်အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။

မွန်ပြည်နယ် ဒေသခံ တစ်ဦးကတော့ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ မော်တော်ယာဉ်တွေကို စုံ၊ မ စစ်ဆေးတာအပြင် စုံ၊ မယာဉ် အကြောင်းပြပြီး တခြား ယာဉ်နဲ့ ပတ်သက်တာတွေကိုပါ စစ်ဆေးနေတယ်လို့ ပြောပါတယ်။

“စစ်ဆေးတာတော့ လုပ်နေပြီ။ သူတို့က One Stop Service လို့ ပြောတာပဲ။သူတို့က ပွင့်ပွင့်လင်းလင်းပြောရင် အခု စုံ၊ မ လို့သာ ပြောတာ စုံ၊ မကြီးပဲ စစ်တာ မဟုတ်ဘူး။တခြား ဟာတွေပါ စစ်တယ်။လိုရင် လိုသလို ခေါ်ပြီးတော့ ယာဉ်မောင်း လိုင်စင်တို့ ဝိတက်တို့ တခြားဟာတွေပါ ရောပြီး စစ်တာလေ။ တစ်ခုခု ချို့ယွင်းတာနဲ့ အရေးယူမှာပဲ။ သူတို့က ပိုက်ဆံ ရှာတာကိုး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ စုံ၊ မ ယာဉ်စနစ်ကို အ‌ကြောင်းပြပြီး ယာဉ်မောင်းလိုင်စင်တွေ၊ မော်တော်ယာဉ် လိုင်စင်တွေအပြင် ယာဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကအစ စစ်ဆေးပြီး ငွေကြေး တောင်းခံတာကြောင့် ဒေသခံတွေ အနေနဲ့ အချက်အလက် စုံမှသာ သွားလာသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို စစ်ကော်မရှင်က စုံ၊ မ စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ အလုပ်သွား၊ အလုပ်ပြန်တာ၊ ကုန်ပစ္စည်းပို့ဆောင်တာအပြင် ဟိုနားဒီနားသွားလာရတာတွေကအစ အခက်တွေ့ နေရတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မော်တော်ယာဉ်တွေကို စုံ၊ မ စစ်ဆေးဖို့အတွက် စစ်ကော်မရှင် လက်အောက်ခံ ထွေအုပ် ဦးဆောင်ပြီး One Stop Service အဖွဲ့ ဖွဲ့စည်းကာ အရေးယူမှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စုံ၊ မ စနစ် အပေါ် လိုက်နာမှုမရှိဘဲ ဖောက်ဖျက် ကျူးလွန်ပါက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ အလုပ်မဲ့ ထောင်ဒဏ် တစ်လ၊ ငွေဒဏ် ကျပ်နှစ်သောင်း အပြင် ဒဏ်နှစ်ရပ်လုံး ကျခံရမယ်လို့ ဆိုထားပါတယ်။

မွန်ပြည်နယ်မှာတော့ မော်တော်ယာဉ် သွားလာမှုအပေါ် စုံ၊ မ ယာဉ်စနစ် သတ်မှတ်ချက်ကြောင့် မော်တော်ယာဉ် သွားလာမှုတွေ လျော့ကျလာပေမယ့် စက်သုံးဆီ ရရှိရေးအတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းပြီး အကန့်အသတ်နဲ့ ဝယ်ယူနေရပါတယ်။

March 16, 2026
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ဒီကနေ့ ခေါ်ယူကျင်းပတဲ့ အစည်းအဝေးမှာ...
March 14, 2026
တူညီတဲ့ ဘုံသဘောထား ရပ်တည်ချက်တွေကို အခြေခံပြီး တော်လှန်ရေးကာလအတွက် မွန်ပြည်တော်လှန်ရေးပဋိညာဉ် (...
March 13, 2026
မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ကန့်သတ်ချက်အပါအဝင် လိုသလောက် ဝယ်ယူလို့မရတဲ့...
March 12, 2026
စက်သုံးဆီ အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် ကြွေးကြော်ထားပေမယ့် မွန်ပြည်နယ်မှာ စက်သုံးဆီ...