ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နဲ့ KIA တပ်မဟာ ၇ နယ်မြေတွေဘက်မှာ တစ်ပတ်အတွင်း တိုက်ပွဲ ၅၃ ကြိမ်ဖြစ်ပွားတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ မတ်လ ၁၅ ရက်က ထုတ်လွှင့်တဲ့ သတင်းရုပ်သံအစီအစဉ်ကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့် စစ်မျက်နှာပြင်ဘက်ကို စစ်ကော်မရှင်တပ်ကနေ နေ့တိုင်း လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် KIA တပ်မဟာ၂ နယ်မြေတွေဘက်ကိုလည်း လက်နက်ကြီးပစ်ခတ်တဲ့အပြင် ဒရုန်း၊လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာရှိတယ်လို့လည်း သိရှိရပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဘက်က တစ်ပတ်တာအတွင်း လေယာဉ်ဗုံးအကြိမ် ၆၉ ကြိမ်၊ ဒရုန်းဗုံးအကြိမ် ၃၈ ကြိမ်နဲ့ လက်နက်ကြီး ပစ်ခတ်မှု ၇၃၀ ကြိမ်အထက်ရှိတယ်လို့ ဆိုပါတယ်။
လေယာဉ် ဗုံးကြဲတိုက်ခိုက်တဲ့ နေရာနဲ့ လက်နက်ကြီးတိုက်ခိုက်တာဟာ ဗန်းမော် စစ်မျက်နှာပြင်မှာ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် ဗန်းမော် ၃ မိုင်၊ ဟန်းတဲဘက်အပြင်၊ ၂ မိုင် အောင်သာရပ်ကွက်တွေဘက်မှာ တစ်ပတ်အတွင်း ခုခံတိုက်ပွဲ ၄ ကြိမ်ရှိတယ်လို့ ထပ်မံ သိရှိရတာပါ။
ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးစစ်မျက်နှာပြင် KIA တပ်မဟာ ၇ နယ်မြေတွင်းမှာလည်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားတဲ့အပြင် တပ်မဟာ ၉ ဖားကန့်နယ်မြေဘက်လည်း တိုက်ပွဲ ၇ ကြိမ်ရှိတယ်လို့ ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ တပ်မဟာ ၅ ဝိုင်းမော်စစ်မျက်နှာပြင်နဲ့ တပ်မဟာ ၂ ဘက် တိုက်ပွဲ ၁ ကြိမ်စီရှိတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ဘက်က ခြေလျင်စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းကနေ လေယာဉ်၊ ဒရုန်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တာကြောင့် တိုက်ပွဲ ဆက်ဖြစ်ပွားနေဆဲပါ။
ပြီးခဲ့တဲ့ မတ်လ ပထမပတ်အတွင်းကလည်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နဲ့ KIA တပ်မဟာ ၇ နယ်မြေတွေဘက် တစ်ပတ်အတွင်း တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။







