ကေအဲန်ယူနယ်မြေအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု အရှိန်မြင့်လုပ်ဆောင်လာ

ကေအဲန်ယူနယ်မြေအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု အရှိန်မြင့်လုပ်ဆောင်လာ

စစ်အုပ်စုက ကမ္ဘာ့နိုင်ငံရေးအကြပ်အတည်းနှင့် လောင်စာဆီရှားပါးမှုကြုံနေရသည့် အချိန်တွင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲရှိ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု အရှိန်တိုးမြှင့်လုပ်ဆောင်လာကြောင်း ကေအဲန်ယူ ပြုစုထားသော မှတ်တမ်းအရ သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ နှင့် မတ်လအစောပိုင်းတွင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲသို့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၆၀ ကျော် ပြုလုပ်ခဲ့ပြီး အရပ်သား (၅၀) ထက်မနည်း သေဆုံးခဲ့သည်ဟု ကေအဲန်ယူ မှတ်တမ်းတွင် ဖော်ပြထားသည်။

အထူးသဖြင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေများ ဖြစ်သည့် တနင်္သာရီတိုင်းရှိ တပ်မဟာ(၄)နယ်မြေ၊ မူတြော် (ဖာပွန်)ခရိုင်ရှိ တပ်မဟာ (၅) နယ်မြေ၊ ပဲခူးတိုင်းရှိ တပ်မဟာ (၃) နယ်မြေ နှင့် မြဝတီမြို့ နယ်ရှိ တပ်မဟာ(၆) နယ်မြေများတွင် လေကြောင်းတိုက်ခိုက်မှု အဓိကကြုံတွေ့နေရခြင်း ဖြစ်သည်။

“လေကြောင်းတိုက်ခိုက်မှု ပိုတိုးလုပ်လာတယ်။ လေယာဉ်က နေ့တိုင်းလာတယ်။ တစ်နေရာ မဟုတ်ရင် တစ်နေရာကို ပစ်တာပဲ။ အခြားတပ်မဟာလည်း ပစ်တာရှိတာပေါ့။ ဒါပေမဲ့ တပ်မဟာ ၅ တော့အများဆုံး အပစ်ခံရတယ်။ နေ့တိုင်းလာတယ်။ လိုက်ဝဲနေတာ။ ပြီးတော့ လိုက်ပစ်တော့တာပဲ” ဟု ကေအဲန်ယူ တပ်မဟာ ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြီးခဲ့သည့် မတ်လ (၁၀)ရက်နေ့တွင် ကေအိုင်စီနှင့် သီးသန့်အင်တာဗျူးအတွင်း ပြောဆိုသွားသည်။

ထို့အပြင် စစ်အုပ်စုက တပ်မဟာ(၄) နယ်မြေကို လေကြောင်းစစ်ဆင်ရေး(၄၈) ကြိမ် ဖြင့် အကြိမ်ရေအများဆုံး ပြုလုပ်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသက ခရစ်ယာန် ဘုရားကျောင်း နှင့် အရပ်သားနေအိမ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် အပါအဝင် ၁၅ ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ ပြောရေးဆိုခွင့်ရှိသူ နော်ချယ်ရီ ကလည်း “အခုလို လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာတာက စစ်ရေးအခြေအနေ ပိုမိုပြင်းထန် လာနေတယ်ဆိုတာကို ပြသနေပြီး အထူးသဖြင့် အရပ်သားပြည်သူတွေအတွက် လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ပိုပြီး စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ပဲ သုံးသပ်ပြောချင်ပါတယ်” ဟု ပြောသည်။

အရှေ့အလယ်ပိုင်းဒေသ၏ စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာတစ်ဝှမ်း လောင်စာဆီပြတ်လပ်သည့် ဒုက္ခကြုံတွေ့နေရသည့် ကာလတွင် စစ်အုပ်စုက လေယာဉ်ဆီအမြောက်အများသုံးစွဲပြီး လေကြောင်းတိုက်ခိုက်မှုကို အရှိန်တိုးမြှင့်လုပ်ဆောင်လာနေခြင်းလည်းဖြစ်သည်။

ယခုလို အီရန်အရေးအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ လက်လွတ်ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်လည်ရယူနိုင်ရန် အရပ်သားများအပေါ် ပစ်မှတ်ထားပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကို တိုးမြှင့်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ကေအဲန်ယူက ထုတ်ပြန်ပြောဆိုထားသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေထဲရှိ ရေတွင်းကုန်းကျေးရွာမှ စစ်အုပ်စု၏ ဒေသခံ အရပ်သား ၃၀ ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်သည် ယခုနှစ်အတွင်း ပေါ်ထွက် လာသည့် အရက်စက်ဆုံး စစ်ရာဇဝတ်မှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်အဖြစ် ရှုတ်ချပြောဆိုကြသည်။

လက်ရှိ စစ်အုပ်စု၏ လေကြောင်း နှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာသလို နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများလည်း တိုးလာနေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီ အများအပြားလိုအပ်နေသည်ဟု ကေအဲန်ယူက နိုင်ငံတကာကို ထုတ်ပြန်တောင်းဆိုထားသည်။

March 16, 2026
မောင်ကျော်စွာ — (၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်) လာမယ့် မတ်လ ၁၆ ရက်နေ့နောက်ပိုင်းမှာ “...
Photo - KIC
March 16, 2026
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများအပြင် မြစ်ကြောင်းတစ်လျှောက်...
March 13, 2026
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းမှ သွေဖယ်ပြီး...
Photo: CJ
March 12, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့တောင်ဘက်ပိုင်း၊ ဖလူးနှင့်မင်းလက်ပံကျေးရွာဘက်တွင် မတ်လ(၈)ရက်မှ ယနေ့...