စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ဒီကနေ့ ခေါ်ယူကျင်းပတဲ့ အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြိုင်ဘက်မရှိ ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၂၅-၂၀၂၆ အပိုင်းလိုက်ရွေးကောက်ပွဲကနေ အနိုင်ရသူတွေကို မတ် ၁၆ ရက်နေ့မှာ တတိယကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပပြီး လွှတ်တော်သဘာပတိအပါအဝင် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို ရွေးချယ်ခဲ့တာပါ။
အစည်းအဝေးမှာ သဘာပတိအဖြစ် ဒေါက်တာ နန္ဒကျော်စွာကို လွှတ်တော်အမတ်တွေက မဲပေးရွေးချယ် အတည်ပြုခဲ့ပြီး သူဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တာပါ။
ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံရတဲ့ ဦးခင်ရီကတော့ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်ပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ရဲချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း လဝက ဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူခဲ့သလို ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အဲဒီရာထူးနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည် ခန့်အပ်ခဲ့ပြီး အဲဒီကနေ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်လာသူပါ။
ဒီမတိုင်ခင်ကတည်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟာ ဦးခင်ရီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး အဲဒီရာထူးဟာ သမ္မတအသစ် ရွေးချယ်ရေး၊ ဥပဒေပြုရေး၊ ဘက်ဂျက် ခွင့်ပြုရေးနဲ့ အစိုးရရဲ့ အဓိက ရာထူးနေရာတွေကို လက်ခံ အတည်ပြုရေးတို့မှာ အရေးပါနေပါတယ်။
ဦးခင်ရီဟာ အပိုင်းလိုက်ရွေးကောက်ပွဲကနေ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားပါတယ်။
ဒုတိယဥက္ကဌကိုတော့ စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ ဦးမောင်မောင်အုန်းကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး သူဟာ နေပြည်တော် တပ်ကုန်းမြို့နယ်က ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒနယ် ၄၄၀ ရှိတဲ့ထဲက စစ်ကော်မရှင်ရဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ၂၆၃ နယ်မှာသာ ကျင်းပနိုင်ခဲ့တဲ့အတွက် တတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ တပ်ကိုယ်စားလှယ် ၁၁၀ ဦးနဲ့ပေါင်းရင် ကိုယ်စားလှယ်ပေါင်း ၃၇၃ ဦး ရှိပါတယ်။
ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၂၆၃ နေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ၂၃၁ ဦးနဲ့ ကိုယ်စားလှယ် အရေအတွက် အများဆုံး အနိုင်ရရှိထားပြီး ကျန်နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၃၁ ဦးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးတို့ ဖြစ်ပါတယ်။
ဓာတ်ပုံ - USDP







