စစ်ရာဇဝတ်မှုများကို လက်တွေ့ကျကျ တားဆီးပေးရန် နိုင်ငံတကာကို တောင်းဆို

စစ်ရာဇဝတ်မှုများကို လက်တွေ့ကျကျ တားဆီးပေးရန် နိုင်ငံတကာကို တောင်းဆို

ညောင်လေးပင်တွင် ပြည်သူ ၃၀၀ ကျော် လူသားဒိုင်းအဖြစ် အသုံးချခံရပြီးနောက် စစ်ရာဇဝတ်မှုများကို လက်တွေ့ကျကျ တားဆီးပေးရန် ကရင့်အမျိုးသားအစည်းအရုံး KNU နှင့် ကရင်အရပ်ဘက်အဖွဲ့အစည်းများက နိုင်ငံတကာကို တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုများ နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာနေပြီး ညောင်လေး ပင်ခရိုင်အတွင်း ပြည်သူ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုကာ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့်အပေါ် နိုင်ငံတကာအနေဖြင့် စိုးရိမ်ကြောင်း ထုတ်ပြန်ရုံတင်မကဘဲ လက်တွေ့ကျကျ တားဆီးပေးရန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

လက်တွေ့ကျကျ တားဆီးပေးရန် ဆိုသည်မှာ စစ်ကော်မရှင်၏ လေယာဉ်ဆီ၊ လက်နက်နှင့် ဘဏ္ဍာငွေလမ်း ကြောင်းများကို အမြန်ဆုံး ဖြတ်တောက်ပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့မှစတင်ကာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်၏ တပ်မ ၇၇ စစ်ကြောင်းများက စီးနင်းခဲ့ပြီး ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းရွာတို့မှ ပြည်သူ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံပြည်သူများကို ကယ်တင်ရန် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက အသက်ပေးစစ်ဆင်ရေး ဖော်ဆောင်ခဲ့ရပြီး မတ်လ ၁၁ ရက်နေ့တွင် အားလုံးကို ကယ်ထုတ်နိုင်ခဲ့သော်လည်း စစ်ကော်မရှင်၏ သတ်ဖြတ် မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၄၀ ကျော် သေဆုံးခဲ့ရသည်။

ထို့ပြင် အဆိုပါ စစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော် ၁၁ ဦးလည်း ကျဆုံးခဲ့သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်က “စစ်ကောင်စီကတော့ ဒီလူ့အခွင့် အရေးတွေကို တန်ဖိုးမထားဘူး။ လုံးဝပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်။ ပြည်သူ လူထုကို သူတို့ရဲ့ အကာအကွယ်သဖွယ် အသုံးပြုတာသည်

လည်း crime against humanity ဖြစ်တယ်ပေါ့ နော်။ စစ်ရာဇဝတ်မှုလည်း ပြောလို့ရသလိုမျိုး၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့လည်း ကျနော်တို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း မတ်လ ၁၂ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စိုးရိမ်ပူပန်ကြောင်း ကြေညာချက်များ ထုတ်ပြန်နေရုံနှင့် မလုံလောက်တော့ဘဲ စစ်ကော်မရှင်၏ လေယာဉ်ဆီ၊ လက်နက်နှင့် ဘဏ္ဍာငွေလမ်းကြောင်းများကို အမြန်ဆုံး ဖြတ်တောက်ပေးရန် တောင်းဆိုထားသည်။

KNU ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်းမှာပင် KNU နယ်မြေကို လေကြောင်းမှ အကြိမ် ၆၀ ကျော် ဗုံးကြဲခဲ့ပြီး အရပ်သား ၅၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) မှ နော်ချယ်ရီကလည်း “နှောင့်နှေးမှုတွေ ကြန့်ကြာ မှုတွေ ရှိနေတဲ့အပေါ်မှာလည်း အားမရဘူးပေါ့နော်။ ကျမတို့တွေက ရင်ဆိုင်လာရတာ အသက်ပေါင်းတွေနဲ့ ပေးဆပ်ရတာ သေဆုံးတဲ့သူတွေလည်း မနည်းဘူးလေနော်။ ပေးဆပ်ရတာ ဘယ်လိုခေါ်မလဲ ဖွံ့ဖြိုးတိုးတက် နှောင့်နှေးတဲ့ နိုင်ငံမို့လို့ ဂရုမစိုက်တာလား နှောင့်နှေးမှုတွေ ကြန့်ကြာမှုတွေ ဒီလိုမျိုး စာနာပါတယ်၊ နားလည်ပါတယ်။ ဆိုတာလောက်နဲ့ မမြင်ချင်တော့ဘူးလေ။ အမှန်အတိုင်းပြောရင် တစ်ခုခုကို အကောင်အထည် ဖော်စေချင်တယ်” ဟု ပြောသည်။

ထို့ပြင် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် လူသားချင်းစာနာမှု အကူအညီများကို စစ်ကော်မရှင်မှတစ်ဆင့် မပေးဘဲ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုက်ရိုက်ထိတွေ့ ပေးအပ်ရန်လည်း KNU က တိုက်တွန်းထားသည်။

စစ်ကော်မရှင်သည် စစ်မြေပြင်တွင် ရှုံးနိမ့်လေလေ အရပ်သားပြည်သူများ၊ စာသင်ကျောင်းနှင့် ဘုရားကျောင်း များကို ပစ်မှတ်ထားလေလေ ဖြစ်နေသည်ဟု နော်ချယ်ရီက ဆက်လက်ဝေဖန်သည်။

“စစ်တပ်အချင်းချင်း စစ်လက်နက်ကိုင် အချင်းချင်း တိုက်လို့ မနိုင်တဲ့အတွက် ဘာမှ စစ်ဖက်ရေးရာ နားမလည် တဲ့ ပြည်သူလူထုတွေကို သက်သက်မဲ့ပေါ့နော် လူညွှန့်တုံးအောင် အဲဒါက ကျမ အဲလိုပဲ ပြောချင်တယ်။ တော် တော်ယုတ်ညံ့တယ်။ လူလို့တောင် ပြောလို့မရတဲ့ အခြေအနေလေနော်” ဟု ၎င်းက ပြောသည်။

အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် စစ်ကော်မရှင်ကို သံတမန်အခင်းအကျင်းတွင် ဆက်လက် နေရာပေးနေခြင်းသည် စစ်ရာဇဝတ်မှုများကို ပိုမိုအားပေးရာရောက်နေကြောင်း KNU က သတိပေးထားသည်။

အလားတူ စကားလုံးများထက် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကသာ ပြည်သူများ၏အသက်ကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

March 13, 2026
ကချင်ပြည်၊ ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်ကြားရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်...
ဓါတ်ပုံ - AFP (ပုံဟောင်း)
March 12, 2026
မြန်မာ့ပြည်တွင်းစစ်ကို အမှန်တကယ် အဆုံးသတ်နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်လာမှသာ...
March 11, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် ပြည်သူ ၃၀၀ ကျော်ကို PDF နှင့် KNLA...
March 10, 2026
ကရင်နီ (ကယား) ပြည်တွင် စက်သုံးဆီပြတ်လပ်မှု အကျပ်အတည်း ဆိုးရွားလာနေပြီး တစ်လီတာ ကျပ်တစ်သောင်းအထိ...