ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း၊ မသုန်ကျေးရွာအနီးတွင်တည်ရှိသည့် ကပစ(၁၆)ကို အာရက္ခတပ်တော် ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ရှေ့ကို ထွက်ကာသော အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) ဦးဆောင်သော ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
အာရက္ခတပ်တော်ထိန်းချုပ်ထားသော ပွိုင့် ၆၆၆ နဲ့ ကပစ (၁၆) ကြားပတ်ဝန်းကျင်နေရာများကို စစ်ကော်မရှင်ကစစ်ကြောင်း ၃ ကြောင်းထိုးကာစစ်ရေးလှုပ်ရှားနေမှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
"သူတို့က အဓိက ကပစ ၁၆ ကို ကာနေတဲ့သဘောပါ။ ကပစ (၁၆) အနီးက ကာကင်းနဲ့မနီးမဝေးနေရာတွေကို စစ်ကြောင်း ၃ ကြောင်းထိုးပြီးလှုပ်ရှားနေတယ်။ အဲဒီစစ်ကြောင်းတွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေကြတယ်"ဟု ပြောသည်။.
စစ်ကော်မရှင် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၃ ကြောင်းသည် ကပစ (၁၆)အနီးရှိ စခန်းများတဆင့် ၂ မိုင်ခန့်အကွာ အဝေးကို စစ်ကြောင်းထိုးလာသဖြင့် AA ပူးပေါင်းတော်လှန်ရေးတပ်များနှင့် မြေပြင်တွင်ထိတွေ့ တိုက်ပွဲဖြစ်နေခြင်းဟု ၎င်းက ဆက်ပြောသည်။
အဆိုပါနှစ်ဖက်တိုက်ပွဲဖြစ်ရာနေရာများသို့ စစ်ကော်မရှင်တပ်က ပါရာမော်တာ စက်တပ်လေထီး၊ဒရုန်း၊ အတွဲလိုက်ပစ်လက်နက်၊ ဂျက်စသည်တို့ဖြင့်ပစ်ကူပေးနေသည်ဟု ဆိုသည်။
ကပစ (၁၆)နှင့် ၂ မိုင်ဝန်းကျင် အကွာဝေးကို တိုက်ပွဲရောက်ရှိလာရုံသာမက ကပစ (၁၆) အထဲသို့ပါ လက်နက်ကြီး ရှော့တိုက်ဒုံးပါ တိုက်ခိုက်ခံလာရသည့်အတွက် စစ်ကော်မရှင်သည် ကပစ (၁၆) မှ ဝန်ထမ်း စစ်မေ၊ တပ်ဖွဲ့ဝင်မိသားစုများကို တခြားတပ်နယ်ဖက်သို့ ရွှေ့ပြောင်းထားရပြီး ကပစ (၁၆) ထဲတွင်လည်း တပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ဖြည့်တင်းထားသည်ဟု စစ်ရေးနီးစပ်သူများထံမှ သိရသည်။
၎င်းပြင် စစ်ကော်မရှင်တပ်သည် ညောင်ကျိုးကျေးရွာဖက်သို့ လေလာတောင်ဖက်မှတဆင့် ထိုးစစ်ဆင်နေမှုကြောင့် မတ်လ ၁၁ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်နေသည်ဟုလည်း ဒေသခံစစ်ရေးနီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။
"လေလာတောင်ဖက်မှာရှိတဲ့ စကမတွေက ညောင်ကျိုးဖက်ထိုးတာပါ။ အဲဒါကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်"ဟုပြောသည်။
ဆင်လန်ကျေးရွာစခန်းမှတဆင့် လေလာတောင်စခန်းသော စစ်အင်အား ၁၀၀ ကျော်ဖြည့်တင်းပြီးနောက် ယခုလို နောက်ထပ်တဖန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်ကော်မရှင်သည် လေလာတောင်ရှေ့တန်းစခန်းများက AA ထိန်းချုပ်ထားသော ညောင်ကျိုးကျေးရွာဖက်ကို မကြာခဏ ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲလည်းမကြာခဏ ဖြစ်နေသည်ဟု သိရသည်။







