တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၂၀ နီးပါးဖြင့် ပစ်ခတ်တိုက်ခိုက်ဟုဆို

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၂၀ နီးပါးဖြင့် ပစ်ခတ်တိုက်ခိုက်ဟုဆို

ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar(BWM) အဖွဲ့ တာဝန်ရှိသူက ဆိုသည်။ တောင်ငူမြို့လေတပ်နှင့် လေယာဥ်ဆီသိုလှောင်ကန်ကို မတ်လ၁၂ရက် ည၁၁နာရီ ၈မိနစ်အချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သူတို့ အငိုက်မိသွားပုံပဲဗျ ။ တောက်လျောက်စစ်ကြောင်းတွေ ထိုးနေတဲ့ကြားက ရအောင်ပစ်လိုက်လို့ “ဟု BWM တာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။

နေရာသုံးနေရာမှ ရှော့တိုက်ဒုံးခြောက်လုံးစီဖြင့် ပစ်ခတ်ခဲ့ရာ ၁၃ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ရဲဘော်များလုံခြုံရာသို့ရောက်ပြီဖြစ်ကြောင်းနှင့် ပစ်ခတ်မှုကြောင့် စစ်ကော်မရှင်များဘက်မှ ထိခိုက်မှုများရှိသည်ဟု ကနဦး သိရသော်လည်း အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း ၎င်းက ဆိုသည်။

တိုက်ခိုက်မှုအပြီး စစ်ကော်မရှင်တပ်မှ လက်နက်ကြီးခြောက်လုံးအပါအဝင် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ 

ပစ်ခတ်မှုအပြီး နောက်တနေ့ နံနက်အစောပိုင်းတွင် စစ်ကော်မရှင်ခန့် တိုင်းမှူးသစ် သူရဇော်လွင်စိုး ရောက်ရှိစစ်ဆေးပြီးနောက် လေတပ်တော်ဝင်နေချိန်ဖြင့်သဖြင့် သတင်းများအပြင် မထွက်စေရန် မှာကြားသွားသည်ကို ကြားသိရသည်ဟု BWM တာဝန်ရှိသူက ဆိုသည်။

တိုင်းမှူးသစ်က မြေပြင်စစ်ကြောင်းထိုးရန် ပြောဆိုခဲ့ပြီး မသင်္ကာမှုများတွေ့ရှိပါက အရှင်မလိုချင်ကြောင်း ညွှန်ကြားသွားသည်ဟု ၎င်းကဆိုသည်။

လေယာဥ်ဆီအဓိကရောင်းချပေးနေသည့် အီရန်နိုင်ငံ အာဏာရခေါင်းဆောင်များ ချေမှုန်း ခံရပြီးနောက် စစ်ကော်မရှင်သည် လက်ရှိတွင် လေယာဥ်ဆီဆက်လက်ရရှိရန် အကြပ်ရိုက်နေ၍ အာရပ် နိုင်ငံများနှင့် ဆက်သွယ်နေသည်ကို ကြားသိရကြောင်း BWM ထုတ်ပြန်သည်။

ယင်းအခြေအနေကို အခွင့်ကောင်းယူ၍ ဒရုန်းဂိုဒေါင်၊ လေယာဥ်ဆီကန်နှင့် အရေးကြီးသောပစ်မှတ်ကို အဓိကထား၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

ယခုကဲ့သို့ စစ်ကော်မရှင်တပ် လေယာဥ်ဆီအခက်အခဲဖြစ်နေချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လေယာဥ်ဆီကန်နှင့် လေတပ်ကို တိုက်ခိုက်မှုစစ်ဆင်ရေးများ ဝိုင်းဝန်းပြုလုပ်နိုင်ပါက တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ကြောင်း BWM ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကို BWM အဖွဲ့ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)। Anti-Coup People's Liberation Force (ACPLF) နှင့် KNLA တပ်မဟာ (၂) တပ်ရင်း အမှတ်(၅) တို့ပူပေါင်းခဲ့ခြင်းဖြစ်ပြီး မဟာမိတ်များ စည်းလုံးမှု ၊ နယ်မြေခံအဖွဲ့တို့၏ ကူညီမှုတို့ကြောင့် အထပ်ထပ်ပိတ်ဆို့မှုများကြားမှ ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် မဲရုံများစစ်ဆေးပြီး ၊ ယတြာချေရန် ရောက်ရှိခဲ့သော စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား ဇန်နဝါရီလ ၂၇ရက်နေ့ နံနက် ၄နာရီ၃၀မိနစ်အချိန်တွင် ၁၀၇ ရှော့တိုက်ဒုံး ငါးလုံးကို BWM နှင့် မဟာမိတ်များက ပစ်ခတ်ခဲ့ရာ စစ်ကော်မရှင်တပ်က အရာရှိအချို့ ဒဏ်ရာရရှိပြီး ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း Brave Warriors for Myanmar ထုတ်ပြန် ထားသည်။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...
ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...