NUG အစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ လုပ်ကိုင်ခွင့်အာဏာခွဲဝေခြင်း အချက် ၉ ရပ် သဘောတူထား

NUG အစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ လုပ်ကိုင်ခွင့်အာဏာခွဲဝေခြင်း အချက် ၉ ရပ် သဘောတူထား

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း (Division of Competency) နှင့်ပတ်သက်၍ သဘောတူညီချက် ၉ ရပ်ကို အတည်ပြု ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၀ ရက်က NUG အစိုးရအဖွဲ့နှင့် စစ်ကိုင်းဖက်ဒရယ် ယူနစ်ကြားကာလအစိုးရအဖွဲ့တို့သည် လွတ်မြောက် နယ်မြေ တစ်နေရာမှာ လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်းနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးသည်ဟု သက်ဆိုင်ရာအစိုးရအဖွဲ့များက ယနေ့ မတ်လ ၁၂ ရက်မှာ ကြေညာသည်။

နှစ်ဘက်တာဝန်ရှိသူများက လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးရာ သဘောတူညီချက် ၉ ရပ်ကို ချမှတ်နိုင်ခဲ့ပြီး ကျန်ရှိနေသော ကဏ္ဍများအပေါ်တွင် ပြင်ဆင်ရန် လိုအပ်သော အချက်များ၊ ဖြည့်စွက်ရန် လိုအပ်သော အချက်များကိုလည်း ဆွေးနွေးသည်ဟု သိရသည်။

အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တို့နှင့် ပတ်သက်၍လည်း ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို NUG အစိုးရနှင့် စစ်ကိုင်းအစိုးရအဖွဲ့တို့ကြား အပြန်အလှန် နှီးနှောတိုင်ပင်ခဲ့သည်ဟု သိရသည်။

ယင်းအစည်းအဝေးသို့ NUG အစိုးရမှ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ လူမှုကူညီရေး အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးခွန်စောဖူးနှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်သည်ဟု သိရသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးစိုးဦး၊ ၊ ပြည်ထဲရေးဝန်ကြီး ဦးမိုးမင်းဝင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးသန်းလှိုင်၊ ရှေ့နေချုပ် ဦးအောင်ချစ်ညို နှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်သည်ဟု သိရသည်။

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...