ကချင်ပြည်နယ်မှာ တစ်ပတ်အတွင်း တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွား

ကချင်ပြည်နယ်မှာ တစ်ပတ်အတွင်း တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွား

ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နဲ့ KIA တပ်မဟာ ၇ နယ်မြေတွေဘက်မှာ တစ်ပတ်အတွင်း တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ မတ်လ ၈ ရက်နေ့ ထုတ်လွှင့်တဲ့ သတင်းရုပ်သံအစီအစဉ်ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်ဘက် စစ်ကော်မရှင်တပ်ကနေ နေ့စဉ် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KIA တပ်မဟာ ၃ နယ်မြေ ဗန်းမော်စစ်မျက်နှာပြင်နဲ့ တပ်မဟာ ၅ နယ်မြေ ဝိုင်းမော် စစ်မျက်နှာပြင် ၊ တပ်မဟာ ၇ နဲ့ တပ်မဟာ ၁၁ နယ်မြေတွေဘက်မှာ ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာရှိတယ်လို့လည်း သိရှိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဘက်က တစ်ပတ်တာအတွင်း လေယာဉ် ဗုံးအကြိမ်၂၀ ၊ ဒရုန်းဗုံးအကြိမ်၂၀ နဲ့ လက်နက်ကြီး ပစ်ခတ်မှု ၃၇၇ ကြိမ်ရှိတယ်လို့ ဆိုပါတယ်။

လေယာဉ် ဗုံးကြဲတိုက်ခိုက်တဲ့ နေရာနဲ့ လက်နက်ကြီးတိုက်ခိုက်တာဟာ ဗန်းမော် စစ်မျက်နှာပြင်မှာ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် ဗန်းမော် ၃ မိုင် ကွန်ပျူတာ တက္ကသိုလ်ဘက်နဲ့ ဟန်းတဲရပ်ကွက်တွေဘက် တစ်ပတ်အတွင်း ခုခံတိုက်ပွဲ ၃ ကြိမ်ရှိတယ်လို့ ထပ်မံသိရှိရတာပါ။

ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးစစ်မျက်နှာပြင် KIA တပ်မဟာ ၇ နယ်မြေတွင်းမှာကို တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားတဲ့အပြင် တပ်မဟာ ၉ ဖားကန့်နယ်မြေ လုံးတုံရွာ ဘုန်းကြီးကျောင်းနဲ့ မရှီကထောင်ရပ်ကွက်ဘက်မှာ တိုက်ပွဲ ၆ ကြိမ်ရှိတယ်လို့ ပြောပါတယ်။

စစ်ကော်မရှင်ဘက်က ခြေလျင်စစ်ကြောင်းထိုးနေဆဲရှိတဲ့အပြင် လေကြောင်းကနေ လေယာဉ်၊ ဒရုန်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တာကြောင့် တိုက်ပွဲ ဆက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဖားကန့်နယ်မြေ၊ တာမခံရွာဘက်မှာတော့မတ်လ ၇ ရက်နေ့က စစ်ကော်မရှင်တပ်ဘက်ကနေ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့အတွက် အရပ်သားသေဆုံးမှုရှိသလို ထိခိုက်တာရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲ ဗန်းမော် တပ်မဟာ ၃ ဘက် စစ်ကော်မရှင်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး မတ်လ ၆ရက်နေ့ကလည်း စကခ ၂၁ တပ်စခန်း အနီးဝန်းကျင်တွေဘက် နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်တယ်လို့ သိရတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ် တစ်ပတ်တာအတွင်းကလည်း ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နဲ့ တပ်မဟာ ၇ နယ်မြေဘက် တိုက်ပွဲဖြစ်ပွားတာရှိပြီး တစ်ပတ်အတွင်း တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ 

Most read this week

March 6, 2026
ကချင်ပြည်နယ်အတွင်းက မြို့ကြီးတချို့မှာ စက်သုံးဆီတွေကို လိုသလောက် ရောင်းချပေးတာ မရှိတော့သလို...
March 2, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသက တက္ကသိုလ်ဝင်တန်း(၁၂ တန်း) စာမေးပွဲသွားဖြေဆိုရမယ့်...
February 27, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ထိန်းချုပ်နယ်မြေအတွင်းက နေရာ ၂၄ နေရာကို စစ်ကော်မရှင်က ၄...
February 26, 2026
ဖားကန့်ကျောက်စိမ်းတွင်းဒေသ မော်ဝမ်းကလေးကျေးရွာကနေ စစ်ဘေးရှောင်နေတဲ့ အသက် ၁၆ နှစ်အရွယ်...