ဧရာဝတီတိုင်းအတွင်း မူလတန်းပြ ကျောင်းဆရာများ လိုအပ်ချက်မှာ ၂,၀၀၀ ကျော် ဖြစ်ပြီး အထက်တန်းပြဆရာ ၁,၀၀၀ ကျော် လိုအပ်သည်ဟုလည်း လူမှုရေးဝန်ကြီးက ဆိုပြီး နေ့စားလပေး ဆရာများခေါ်ရန် ပညာရေးဝန်ကြီးဌာနက ပြောထားခြင်းရှိသော်လည်း ညွန်ကြားချက် မလာသေးဟု ဆိုသည်။
ဒေါ်ခင်စောမူက “ဖြည့်နိုင်သလောက်တော့ ဖြည့်ထားတယ်။ သင်တန်းဆင်းတွေ လိုသလောက် မဆင်းနိုင်ဘူး။ ပညာရေးကောလိပ်တွေ မှာ အရင် ကျောင်းအိပ်ကျောင်းစားပဲ ရှိတယ်။ အခုဆို နေ့ကျောင်းလာတက်တဲ့ သူတွေပါ လက်ခံထားတယ်။ နောက် လေးလငါးလောက် ဆို ဖြည့်ပေး နိုင်မယ်”ဟု ဆိုသည်။
ခန့်အပ်မည် ဆိုပါက မူလတန်းပြ ဆရာ၊ ဆရာမများ ဦးစွာ ခန့်အပ်မည် ဖြစ်ပြီး ဆရာ၊ ဆရာမများ ရာထူးတိုးခြင်း၊ သက်ပြည့်ပင်စင်သွားခြင်း၊ ကျောင်းအသစ်များ ဆောက်လုပ်လာခြင်းတို့ကြောင့် ဆရာ လိုအပ်ချက် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။
ဒေါ်ခင်စောမူက “ဆရာ၊ ဆရာမ လိုအပ်ချက်က တိုင်းတစ်ခုလုံးပဲ လိုတော့၊ အပြင်က ဌားလို့ရရင် ငှားတယ်။ ဒေသက မတတ်နိုင်ရင် အုပ်ချုပ်ရေးနဲ ့အလှူရှင်တွေ ပေါင်းလုပ်ပေးတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်တွင် အထက်တန်းကျောင်း ၁၉၆ ကျောင်း၊ အထက်တန်း ကျောင်းခွဲ ၁၉၇ ကျောင်း၊ အလယ်တန်းကျောင်း ၁၁၀၊ အလယ်တန်းကျောင်းခွဲ ၆၀၂ ကျောင်း၊ အခြေခံ မူလတန်းကျောင်း ၄,၇၃၀၊ အခြေခံမူလတန်းကျောင်းခွဲ ၂၃၃ ကျောင်း ရှိသည်။ တိုင်းအတွင်း တွင် အခြေခံမူလတန်းသင် ဆရာမ ၁၅,၀၀၀ ကျော်ရှိကာ တိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် ဆရာ၊ဆရာမ ၅၀,၀၀၀ ကျော်ရှိသည်။
၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေမှ ကျောင်းသစ်ဆောက်လုပ်ခြင်းနှင့် တိုးချဲ့ခြင်း ၃၂၆ ကျောင်းရှိပြီး၊ ၂၀၁၅-၁၆ တွင် ကျောင်းပေါင်း ၄၉၆ ကျောင်းဆောက်လုပ်၊ တိုးချဲ့ခြင်းပြုလုပ်မည်ဖြစ်သည်။







