ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် ( AA) နှင့် စစ်ကော်မရှင်တပ်တို့သည် မြေပြင် နေရာ (၁၅) ခုလောက်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး AA ကလည်း လက်နက်ကြီးများဖြင့် စစ်တွေအခြေစိုက် စစ်ကော်မရှင် တပ်ရင်းများကို တုံ့ပြန်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
ယနေ့ မတ်လ ၇ ရက် နံနက် ၄ နာရီခန့်က စတင်ပြီး အာရက္ခတပ်တော်မှ စစ်တွေ အခြေစိုက် ရွှေမင်းဂံ ရေတပ်၊ ခလရ (၂၀)၊ ရဲတပ်ရင်း (၁၂)၊ ပဒလိတ်တပ်ရင်း (၂၃၂) ဘက်သို့ လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
“ မနေ့ညက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ စစ်တွေ အခြေစိုက် တပ်ရင်း ၅ ခုလောက်ကို ပစ်ခတ်ခဲ့ပါတယ်။ ပစ်မှတ်ကို ထိမှန်တာတွေတော့ရှိပါတယ်။ ဒါပေမယ့် အသေအပျောက်၊ အပျက်အစီးတွေကိုတော့ မသိရသေးဘူး” ဟု ပြောသည်။
စစ်တွေ ခလရ (၂၀) နှင့် ရဲတပ်ရင်း (၁၂) တို့သည် ယမန်နေ့ မတ်လ ၇ ရက်နေ့က ညအချိန်က ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ထဲကိုလက်နက်ကြီးများဖြင့် အချက် (၅၀) ခန့် ပစ်ခတ်ခဲ့သဖြင့် AAက အဆိုပါ တပ်ရင်းများကို လက်နက်ကြီးများဖြင့် ယနေ့ နံနက်က ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ တိုက်ပွဲများမှာလည်း စစ်တွေမြို့ပြင်ရှိ နေရာအချို့နှင့် စစ်တွေနှင့် နယ်စပ်ချင်းထိစပ်နေသော ပုဏ္ဏားကျွန်းမြို့နယ်မှကျေးရွာအချို့တွင် တိုက်ပွဲများဆင်လက်ပြင်းထန်နေသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
လက်ရှိ စစ်တွေမြို့နယ် အတွင်းတွင် ဝါးဘို၊ ဇော်မတက်၊ ရွှေမင်းဂံ၊ ရာတန်၊ ကြံတော၊ သိန်းတန်၊ တောဂံ(ကန်)၊ ငတောက်တက်၊ ချီလိုင်ဖားနဲ့ အမြင့်ကျွန်းထိ တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေပြီး စစ်တွေမြို့နယ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရိုးရဲပြင်၊ ဆားတောင်ပုတ်၊ အောင်မြေကုန်း၊ မြစ်နား၊ ညိုရောင်တို့ဖြစ်ပွားနေသည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသို့ စစ်ကော်မရှင်က လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိနေသလို စစ်တွေ အခြေစိုက် တပ်ရင်းများကလည်း လက်နက်ကြီးများ ပစ်ခတ်မှုများရှိနေသည်ဟု သိရသည်။
AA ကလည်း လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တုံ့ပြန် ပစ်ခတ်သဖြင့် လက်နက်ကြီးသံများကို အဆက်မပြတ်ကြားနေရသည်ဟု ဆိုသည်။
လက်ရှိ တိုက်ပွဲထဲမှ လက်နက်ကြီး လက်နက်ငယ် ပစ်သံများကို မြို့ထဲကနေလည်း ကြားလာရပြီး စစ်ပွဲများပိုမို ပြင်းထန်လာမည်ကို စိုးရိမ်နေရသည်ဟု မြို့ခံများက ပြောသည်။ (ဓာတ်ပုံ- ပုံဟောင်း)







