အီရန် အရေးကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံရောက် ရခိုင်များ သတိထားနေထိုင်ကြရ

အီရန် အရေးကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံရောက် ရခိုင်များ သတိထားနေထိုင်ကြရ
အီရန်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဘူဒါဘီမြို့ တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- Reuters
အီရန်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဘူဒါဘီမြို့ တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- Reuters

ယခု အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲကာလအတွင်း အဆိုပါ အနီးနားက နိုင်ငံများတွင် ရွှေ့ပြောင်းအလုပ် လုပ်ကိုင်နေသည့် ရခိုင်လူမျိုးများအနေဖြင့် အထူး သတိထားနေထိုင်နေရကြောင်း ပြောဆိုကြသည်။

အဆိုပါ စစ်ပွဲများသည် UAE၊ ကာတာ၊ ဆော်ဒီအာရေဗီးယား၊ ဘာရိန်းနှင့် ကူဝိတ်နိုင်ငံများကိုပါ သက်ရောက်မှု ရှိသဖြင့် ထိုနိုင်ငံတို့တွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများမှာလည်း ဂရုစိုက်ပြီး စစ်ပွဲကာလကို ရင်ဆိုင်ဖြတ်သန်းနေရခြင်းဖြစ်သည်။

UAE နိုင်ငံ အဘူဒါဘီတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်လူငယ်တစ်ဦးက “ နေ့စဉ်နဲ့အမျှ အီရန်က ပစ်လွှတ်တဲ့ လက်နက်ဒုံးကျည်များစွာကို UAE အစိုးရက ဝေဟင်ပြင်ပေါ်က ဖျက်ချက်နေတော့ အဲဒီကနေ ဖြစ်ပေါ်တဲ့ အသံတွေ တချို့နေရာတွေမှာ ပေါက်ကွဲမှုတွေ ရှိနေပါတယ်။ လက်ရှိ အနေအထားအရတော့ စိုးရိမ်စရာ မရှိပေမယ့် သတိအနေအထားမှာ ရှိနေပါတယ်။ UAE အစိုးရအနေနဲ့ကလည်း အချိန်နဲ့တပြေးညီ သတင်းတွေအမြဲ တင်ပေးနေတော့ အရမ်းကြီး စိုးရိမ်စိတ်တော့ မဖြစ်ပေါ်မိပါဘူး” ဟု သူက ပြောသည်။

စစ်ပွဲအတွင်း အဓိကပါဝင်ပတ်သက်နေသည့် အစ္စရေးနိုင်ငံတွင် လက်ရှိ လုပ်ငန်းခွင်ပုံမှန်လည်ပတ်မှု ရှိသော်လည်း လေကြောင်းအန္တရာယ် အချက်ပေးသံမြည်လျှင် ဗုံးခိုကျင်းနှင့် အခြား လုံခြုံရာနေရာများတွင် ခိုအောင်းရကြောင်း ပြောဆိုကြသည်။

“ ဒီမှာက အလုပ်သွားရတဲ့သူက သွားရပါတယ်။ အလုပ် ပိတ်တဲ့သူတွေကလည်း ပိတ်ထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ အချက်ပေးစနစ်က အသံမြည်လာရင်တော့ ဗုံးခိုကျင်းထဲ ဝင်နေရတာပါပဲ ” ဟု အစ္စရေးရောက် ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် မြန်မာကဲ့သို့ UAE နှင့် အခြားနိုင်ငံများတွင်လည်း သတင်းအမှောင်ချမှုများ ရှိနေသဖြင့် မိမိတို့ရွေ့ပြောင်း အလုပ်သမားများအနေဖြင့် ဒေသတွင်း နိုင်ငံများ၏ စည်းမျဉ်းစည်းကမ်းများကိုပါ လိုက်နာရန် လိုအပ်ကြောင်လည်း UAE ရောက် အထက်ပါ အမျိုးသားက အကြံပြုထားသည်။

“ UAE ကလည်း မြန်မာနိုင်ငံနဲ့တူတဲ့ အချက်က သတင်းအမှောင်ဖုံးတာ အရမ်းကိုမှ မြန်ဆန်ပါတယ်။ ထုတ်ပြန်တဲ့ သတင်းတွေဟာ ရာနှုန်းပြည့် မမှန်ပါ။ မြေပြင်သတင်းအစစ်အမှန်ကို ဖုံးကွယ်ထားတာတွေလည်း ရှိပါတယ်။ အခုဆိုရင် စစ်နဲ့ပတ်သတ်တဲ့ သတင်းတွေကို ဖြန့်ဝေတဲ့သူတွေကို ဒဏ်ငွေ 200,000 AED (မြန်မာကျပ်ငွေ သိန်း ၃,၀၀၀ ကျော်) အထိ သတ်မှတ်တာတွေ ရှိလာပါတယ်။ ဒါကြောင့် လက်ရှိမှာ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သတိ၊ ဝီရိယရှိဖို့နဲ့ အစိုးရက ချမှတ်တဲ့ လမ်းညွန်ချက်တွေ၊ စည်းကမ်းချက်တွေကို လိုက်နာပြီးနေထိုင်ကြဖို့ အကြံပေးပါရစေ ” ဟု အဆိုပါ လူငယ်က ဆက်ပြောထားသည်။

ဖေဖော်ဝါရီ ၂၈ ရက်မှ စ၍ အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် တာဝေးပစ်ဒုံးများဖြင့် လေကြောင်း စစ်ဆင်ရေးပြုလုပ်ရာမှ စတင်ခဲ့သည့် အဆိုပါတိုက်ပွဲမှာ ယနေ့အထိ တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများနှင့် ပြင်းထန်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံအတွင်းစစ်ရေးပဋိပက္ခများကြောင့် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကိုင်ကြသည့် လူငယ်များမှာ လက်ရှိအချိန်တွင် ထပ်မံ၍ စစ်ဒဏ်နှင့် ကြုံတွေ့ရသည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသည် လူငယ်တစ်ချို့က ပြောဆိုထားသည်။

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...