အရှေ့အလယ်ပိုင်းစစ်မီးကြားက မြန်မာများကို NUG နိုင်ငံခြားရေးဝန်ကြီး အွန်လိုင်းမှတွေ့ဆုံအားပေး

အရှေ့အလယ်ပိုင်းစစ်မီးကြားက မြန်မာများကို NUG နိုင်ငံခြားရေးဝန်ကြီး အွန်လိုင်းမှတွေ့ဆုံအားပေး

မောင်ခက်နွေ - အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်အတွင်း ဒေသတွင်းရောက်ရှိနေသော မြန်မာ နိုင်ငံသားများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မတ်လ ၂ ရက်နေ့တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မတ် ၄ ရက်) တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်နိုင်ငံတို့အကြား စစ်ပွဲကြောင့် အမေရိကန်တပ်စခန်းများရှိရာ အရှေ့အလယ်ပိုင်းနိုင်ငံများ၌ လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေစဉ် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံပွဲတွင် NUG နိုင်ငံခြားရေး၊ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးအခြေ အနေများကို မေးမြန်းအားပေးခဲ့ပြီး၊ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်ကလည်း မြန်မာ့နွေဦးတော်လှန်ရေး၏ လက်ရှိအောင်မြင်မှုများ၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အနာဂတ်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း ဆိုသည်။

သို့သော် အရှေ့အလယ်ပိုင်း ဒေသတွင်းရောက်ရှိနေသော မြန်မာနိုင်ငံသားများကို မည်သို့ ကူညီမည်ဖြစ်ကြောင်းကို ထုတ်ပြန်ချက်တွင်မပါရှိပေ။

ထိုကိစ္စနှင့် ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် NUG ၏ ပြောရေးဆိုခွင့်ရှိသူထံကို မဇ္ဈိမက စာဖြင့်ဆက်သွယ် မေးမြန်းထားသော်လည်း ယခုသတင်းဖော်ပြချိန်အထိ အကြောင်းမပြန်သေးပေ။

UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တဦးကတော့ ပြီးခဲ့သည့် မတ်လ ၂ ရက် ညနေအချိန်မှ စတင်ကာ အချို့လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မတ်လ ၃ နံနက်ပိုင်းတွင် မဇ္ဈိမကို ပြော သည်။

၎င်းက “ ခရီးသွားတွေကို ဟိုတယ်တွေမှာအလကားနေခိုင်းတယ်။ Flight cancel ခံရတာတွေကို အစိုးရကအကုန်ထောက်ပံ့ပေးမယ်တဲ့။ အချို့ Hotel တွေကလည်း free နေခွင့်ပြုတယ်။ အစ်မနေတဲ့ နေရာဆို ဘာသံမှတောင်မကြားရဘူး။ ဧည့်သည်တွေတော့နည်းနည်းပါးတယ်”ဟု ပြောသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်နှင့် အီရန်တို့၏ ပဋိပက္ခကြောင့် ဒေသတွင်းရှိ မြန်မာအလုပ် သမားများအပါအဝင် နိုင်ငံခြားသားများမှာ စစ်ဘေးအန္တရာယ်နှင့် လုံခြုံရေးစိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ် သည်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...