ပျက်စီးသွားသည့် တံတား ၂၁ စင်းအနက် ၁၇စင်းကို ဆက်သွယ်ရေး ပြတ်တောက်မှုမရှိအောင် ယာယီတံတား ထိုးပေးထားသည်ဟု ဝန်ကြီး ဦးကျော်လင်းက ဆိုသည်။
ပြီးခဲ့သည့် လအတွင်းက ရခိုင်ပြည်နယ်တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့သလို ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး တံတားများ ကျိုးကျပျက်စီးကာ နေရာအချို့တွင် လူအသေအပျောက်ပင် ရှိခဲ့သည်။
လက်ရှိတွင် တံတားကျိုးပြတ်ပျက်စီးမှုကြောင့် ဆက်သွယ်ရေးပြတ်တောက်သည့် နေရာများမှာ စစ်ကိုင်းတိုင်းရှိ တကောင်း-သသာလမ်းပိုင်းမှ မြတောင်တံတား၊ အင်းတော်-နန်စီအောင်ကြားက ဟဲနုတံတား နဲ့ ရှမ်းပြည်နယ် သီပေါ-နမ္မတူလမ်းပိုင်းရှိ နန့်ပေါင်တံတားတို့ဖြစ်ပြီး နေ့ညအဆိုင်းချကာ သုံးရက်အတွင်း အပြီးသတ်ပြင်ဆင်ပေးမည်ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
ထို့အပြင် ဇူလိုင် ၂၇ရက်က ကျိုးသွားသည့် မကွေးတိုင်း၊ ငဖဲ - စေတုတ္တရာလမ်းပိုင်းရှိ မန်းချောင်းတံတားကိုလည်း အရေးပေါ်ပြင်ဆင်နေသည်ဟု ဆိုသည်။
“ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီးဆောင်ရွက်လျက်ရှိပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်က သတင်းထောက်များကို ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးများနေသည့်အတွက် လမ်းပိုင်းနှင့် တံတားများကို အရေးပေါ်ပြင်ဆင်နိုင်ရန် လမ်းတံတားဦးစီးဌာနအနေဖြင့် ဒေသအသီးသီးရှိ ဝန်ထမ်းများကို အနီးကပ် စောင့်ကြည့်ရန် ညွှန်ကြားထားသည်ဟုလည်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။







