စာမေးပွဲကာလ ဆောင်းဘောက်အသုံးပြုသည့်အလှူမင်္ဂလာပွဲ အရေးယူခံရ

စာမေးပွဲကာလ ဆောင်းဘောက်အသုံးပြုသည့်အလှူမင်္ဂလာပွဲ အရေးယူခံရ
ပုံ-Facebook
ပုံ-Facebook

တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း စာမေးပွဲများကျင်းပနေသဖြင့် ကျိုက်မရောမြို့နယ်ရှိ ကျေးရွာအချို့တွင် ဆောင်းဘောက်အသုံးပြု၍ အလှူမင်္ဂလာပြုလုပ်နေသည့် နေအိမ်များသို့ စစ်ကော်မရှင်အုပ်ချုပ်ရေးမှူးအဖွဲ့များ ကိုယ်တိုင်သွားရောက်၍ အရေးယူမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြီးဆုံးသည့် မတ်လ ၁၇ ရက်နေ့အထိ ဆောင်းဘောက်ဖွင့်ခွင့် ကန့်သတ်ထားကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ညွှန်ကြားပြောဆိုထားကြောင်းသိရသည်။

သို့သော် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ဒေသခံများသို့ အသိပေးပြောဆိုခြင်းမရှိဘဲ ပြီးခဲ့သည့် ဖေဖော်ဝါရီ တတိယအပတ်က ရွာလုံးကျွတ်ရှင်ပြု ပွဲကျင်းပနေသည့် တရာနာကျေးရွာအုပ်စုရှိ နေအိမ်များသို့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး အပါအဝင် လူလေးဦးခန့် ညအချိန်တွင် ဓားများကိုင်ဆောင်၍ ဆောင်းဘောက်နှင့်စက်များကို ဝင်ရောက်ဖြုတ်သိမ်းမှုလုပ်ဆောင်ခဲ့သည်ဟု ကျိုက်မရောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့က ကြိုအသိပေးထားတာမရှိဘူး။ ရွာကို ညနေလောက် ဆိုင်ကယ်နဲ့ ဓားတွေကိုင်ပြီး လာတယ်။ သူတို့ပေးရပ်ခိုင်းတယ်၊ မပေးလုပ်တော့ဘူး။ ဒီတရနာကျေးရွာအုပ်စုက အကုန်ရပ်လိုက်ရတယ်။ နှစ်တိုင်းပဲ ဒီအချိန်မှာ ကျနော်တို့ရွာလုံးကျွတ် လုပ်နေကြတာပါ၊ အခုမှ ဒီလိုမျိုးရပ်ခိုင်းတာတော့ မရဘူးလေ” ဟု ဒေသခံက ဆက်ပြောသည်။

သို့သော် လက်ရှိအချိန်အထိ ကျိုက်မရောအပါအဝင် မွန်ပြည်နယ်မြို့နယ်အများစုတွင် ပွဲလမ်းသဘင်များနှင့် တွဲဖက်ကျင်းပလျက်ရှိသော လောင်းကစားဝိုင်းများကို ပိတ်ရက်မရှိ ဆက်လက်ဖွင့်လှစ်ခွင့် ပြုထားကြောင်း ဒေသခံများက ပြောသည်။

နေ့စဉ် လူစုလူဝေးဆူညံသံများကြောင့် ဒေသခံများအနှောင့်အယှက်ဖြစ်နေသည့် လောင်းကစားဝိုင်းများကို အရေးယူခြင်းမရှိဘဲ ယဉ်ကျေးမှုနှင့် ဘာသာရေးပွဲများကို တားမြစ်နေခြင်းသည့်အပေါ် မဖြစ်သင့်ဟုလည်း ပေါင်မှ ဒေသခံတစ်ဦးက ဆိုသည်။

“ဆောင်းဘောက်ဖွင့်ဖို့ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ပါမစ်ယူရတယ်။ ပွဲဆိုရင် မြို့နယ်အုပ်ချူပ်ရေးမှူးမှာ ပါမစ်ယူရတယ်။ မနေ့ကသွားထုတ်တာ မပေးတော့ဘူး။ အားလုံးရပ်ခိုင်းထားတယ်။ ဒါမဲ့ လောင်းကစားဝိုင်းတွေကိုတော့ သူတို့ဘာမှမရပ်ခိုင်းဘူး အခုလည်း ဖွင့်ထားပြီး လူစုဝေးကစားနေတုန်းပဲ၊ သူတို့က အဲကနေပဲ ဝင်ငွေတွေရနေတော့ မရပ်ခိုင်းရဲဘူးပေါ့” ဟု ပြောသည်။

လောင်းကစားဝိုင်းများမှ တစ်လလျှင် ငွေကြေးသိန်းရာချီရရှိနေသဖြင့် လုပ်ငန်းရှင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက တရားဝင်ကဲ့သို့ ဖွင့်လှစ်ခွင့်ပြုထားသည်ဟုလည်း ဆိုသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ၏ စာအာရုံစိုက်နိုင်ရေးအတွက် အသံဆူညံမှုများကို လျှော့ချရန် ပွဲသဘင်များ၊ ဇာတ်ပွဲများ၊ ဆောင်းဘောက်နှင့် အသံချဲ့စက်အသုံးပြုမှုများကို နှစ်စဉ်ပုံမှန် ကန့်သတ်လေ့ရှိသည်။

သို့သော် စာမေးပွဲကာလအတွင်း စစ်ကော်မရှင်နှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကရင်ပြည်နယ် ကျုံပိုင်မြို့တွင် အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့် မူလတန်းမှ ကျောင်းသားကျောင်းသူများ လုံခြုံမှုမရှိဘဲ စာမေးပွဲဝင်ရောက်ဖြေဆိုနေရကြောင်း ဆိုသည်။

June 27, 2026
လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲသည်...
June 27, 2026
မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် နေ့ချင်းပြန် ရထားခရီးစဉ်များကို လာမည့် ဇူလိုင်လ ၁...
June 26, 2026
မွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၉...
June 25, 2026
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လာဘ်ပေးလာဘ်ယူပြုလုပ်သည့် ဝန်ထမ်းများအား...