လေကြောင်းအန္တရာယ် အသိပေးစနစ်များရရှိရေး ရခိုင်ဒေသခံများ လိုလားနေ

လေကြောင်းအန္တရာယ် အသိပေးစနစ်များရရှိရေး ရခိုင်ဒေသခံများ လိုလားနေ

ရခိုင်ပြည်တွင် စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် AA ထိန်းချုပ်နယ်မြေက စာသင်ကျောင်း၊ ဆေးရုံ၊ ဈေး၊ ဘုန်းတော်ကြီးကျောင်း၊ လူနေကျေးရွာများကို လေကြောင်းဗုံးကြဲမှုများ အဆက်မပြတ်တိုက်ခိုက်နေပြီး အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်များလည်း များလာနေသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၄)ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဈေးတန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့မှုကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သား ၁၇ ဦး အစုလိုက်အပြုံလိုက် ဒဏ်ရာရသူ ၁၅ ဦး ရှိခဲ့သည်။

ထိုသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုများကို အနည်းငယ် ကာကွယ်စေရေး လေကြောင်းရန် အန္တရာယ်အချက်ပေးစနစ်များ ပြုလုပ်ပေးရန် ဒေသခံများက လိုလားနေကြသည်။

ဝေဟင်ကင်းထောက်အဖွဲ့က ဖန်တီးထားသည့် လေကြောင်းအန္တရာယ်ကို ဖုန်းမှတစ်ဆင့် သတိပေး နိုင်သည့် စနစ်မှာ ပြည်မဒေသများတွင် ထိရောက်မှုရှိနေသော်လည်း အင်တာနက် ဖြတ်တောက်ခံထားရသည့် ရခိုင်ဒေသတွင် အသုံးဝင်မှုနည်းပါးနေသည်။

ထို့ကြောင့် နည်းပညာအခြေခံ သတိပေးချက်များကို လက်လှမ်းမီသည့် အဖွဲ့အစည်းများက မြေပြင်ဒေသခံများထံသို့ ဥသြသံများဖြင့် အချိန်မီ ပြန်လည်ဖြန့်ဝေပေးနိုင်မည့် စနစ်များအပါအဝင် အခြားဘေးကင်း လုံခြုံရေးအစီအစဉ်များ ဖော်ဆောင်ပေးရန် လိုအပ်နေခြင်း ဖြစ်သည်။

“ ဝေဟင်ကင်းထောက်အဖွဲ့က ဖန်တီးထားတဲ့ လေကြောင်းအန္တရာယ်ကို ဖုန်းကတစ်ဆင့် သတိပေး စနစ်က အင်တာနက်ရှိမှ သုံးလို့ ရမယ်။ ကျနော်ကိုယ်တိုင် စမ်းသုံးကြည့်တာ ပထမတစ်ခေါက်တော့ လေယာဉ်လာတာနဲ့ ဖုန်းကနေ အချက်ပေးသံမြည်တယ်။ အခုကျတော့ မမြည်ပြန်တော့ဘူး။ မထိရောက်ဘူးပေါ့နော်။ ဒါကြောင့် အချက်ပေးနိုင်တဲ့ စနစ်တွေ ကောင်းကောင်းရှိစေချင်တယ် ” ဟု ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဝေဟင်ကင်းထောက်အဖွဲ့က ဖန်တီးထားသည့် စနစ်သည် မိမိနေထိုင်ရာမြို့နယ်၏ ကီလိုမီတာ ၈၀ မှ ၁၀၀ အတွင်း လေယာဉ်ဝင်ရောက်လာပါက ဖုန်းမှ အလိုအလျောက် အချက်ပေးသံမြည်သည့်စနစ် ဖြစ်သော်လည်း အင်တာနက် ဖြတ်တောက်ခံထားရသော ရခိုင်ပြည်တွင် လက်လှမ်းမမီမှုများ ရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် အင်တာနက်လိုင်းအပေါ် အလုံးစုံအားကိုးနေရသည့် စနစ်များထက် မြေပြင်တွင် လက်တွေ့ အသုံးချနိုင်မည့် အခြားသော ကြိုတင်အသိပေး နည်းလမ်းများကိုပါ ဖော်ဆောင်ပေးရန် ဒေသခံများက မျှော်လင့်နေကြသည်။

“ ပြည်မဘက်မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖုန်းကနေ သိရတယ်။ ရခိုင်မှာက ဖုန်းရှိရင် တောင်မှ အင်တာနက်မရဘူးဆိုတော့ စိတ်မကောင်းဖြစ်ရတယ်။ ULA/AA အနေနဲ့ အများ ပြည်သူတွေ ဘေးကင်းရေးနဲ့ ပတ်သက်ပြီး အသံပေးတာ။ အသိပေးတာ တစ်ခုခု လုပ်ပေးစေချင်တယ် ” ဟု မြောက်ဦး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် လေယာဉ်လာပါက အသံချဲ့စက် (မိုက်) များဖြင့် နှိုးဆော်သည့် အချက်ပေးစနစ်များ ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ် နှစ်လယ် ပိုင်းမှစ၍ အဆိုပါ စနစ်များမှာ ပျောက်ကွယ်သွားခဲ့သည်။

ယင်းကြောင့် လေကြောင်းရန် ဘေးကင်းရေးအတွက် ULA/AA အနေဖြင့် ထိန်းချုပ်ထားသော မြို့နယ်တိုင်းတွင် ကြိုတင် သတိပေး စနစ်များ စနစ်တကျ တပ်ဆင်ပေးရန်နှင့် သတင်းအချက်အလက်များကို မြေပြင်အချက် ပေးသံများဖြင့် အမြန်ဆုံး ချိတ်ဆက်ထုတ်ပြန်ပေးရန် တောင်းဆိုနေကြ ခြင်းဖြစ်သည်။

ကျောက်ဖြူဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက “ လေယာဉ်လာတာ ချက်ချင်းသိနိုင်တဲ့ နည်းပညာ အကူအညီတွေ ယူပြီး မြို့နယ်တိုင်းမှာ အချက်ပေး ဥသြတွေ၊ အသံချဲ့စက်တွေ တပ်ဆင်ပေးမယ်ဆိုရင် လေကြောင်း အန္တရာယ်ကို အတိုင်းအတာတစ်ခုထိ သက်သာစေမှာပါ ” ဟု ပြောသည်။

ရခိုင်တွင် ၂၀၂၅ ခုနှစ်က စ၍ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာမြင့်တက်လာခဲ့ပြီး ၂၀၂၅ တစ်နှစ်တာအတွင်း အရပ်သား ၂၆၀ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူ ၄၇၃ ဦးထက် မနည်းရှိခဲ့ကြောင်း DMG ၏ အချက်အလက်များအရ သိရသည်။

ထို့အပြင် ၂၀၂၆ ဇန်နဝါရီမှ ဖေဖော်ဝါရီ ၂၃ ရက်ထိ ကျောက်ဖြူ၊ သံတွဲ၊ ကျောက်တော်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်မြို့နယ်တို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၅ ဦးထက်မနည်းနှင့် ဒဏ်ရာရသူ ၃၃ ဦးထက်မနည်း ရှိလာနေကြောင်း သိရသည်။

ပုံစာ- မကွေးတိုင်းတွင် ၂၀၁၉ ခုနှစ်က စစ်ကောင်စီ၏ တိုက်လေယာဉ်နှစ်စင်း စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်နေစဉ်။ ဓာတ်ပုံ-AFP

Most read this week

စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာအတွင်း လှုပ်ရှားသွားလာနေသော မွတ်ဆလင်များအား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
February 25, 2026
ရခိုင်ပြည် စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအပါဝင် ဒေသခံများကို...
လေကြောင်းအန္တရာယ်ကြောင့် ဗုံးခိုကျင်းတစ်ခုတွင် ဝပ်နေကြရသည့် ရခိုင်က ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်း
February 24, 2026
စစ်ရေးပဋိပက္ခများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအောက်တွင် ရခိုင်ပြည်က ကလေးသူငယ်များမှာ...
စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့ ကျောက်ဖြူရှိ Vpower ဓာတ်အားပေး စက်ရုံသို့ ၂၀၂၂ ခုနှစ် ဇွန်လက လာရောက်ခဲ့စဉ်။ (ဓာတ်ပုံ-MOI)
February 23, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်အစိုးရပိုင် CNTIC နှင့် ဟောင်ကောင်အခြေစိုက် V Power...
အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာအားတွေ့ရစဉ်။ ဓာတ်ပုံ - DMG
February 21, 2026
အိန္ဒိယနိုင်ငံသား ကားသမားတစ်ဦး သေဆုံးမှုကြောင့် ပိတ်ထားသည့် အိန္ဒိယ - ရခိုင်...