AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီ ဆက်တိုက်ဖမ်းနေ

AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီ ဆက်တိုက်ဖမ်းနေ
စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာအတွင်း လှုပ်ရှားသွားလာနေသော မွတ်ဆလင်များအား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာအတွင်း လှုပ်ရှားသွားလာနေသော မွတ်ဆလင်များအား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။

ရခိုင်ပြည် စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအပါဝင် ဒေသခံများကို အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးမှုများ ဆက်တိုက် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေမြို့၊ အနောက်ဖက်ရှိ မွတ်ဆလင်ကျေးရွာများက ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ငွေကြေးတတ် နိုင်သည့် ဒေသခံအချို့ကို ဇန်နဝါရီလကတည်းက ဖမ်းဆီးမှုများ လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီထံ ဖမ်းဆီးခံထားရသည့် မွတ်ဆလင် ၅၀ ထက်မနည်းရှိလာကြောင်း ပြောဆိုကြသည်။

စစ်တွေမြို့ခံ မွတ်ဆလင် လူငယ်တစ်ဦးက “ အဓိကတော့ AA နဲ့ ဆက်သွယ်တယ်၊ ထောက်ပံ့ တယ်ဆိုပြီးတော့ ဖမ်းဆီးနေတာ။ စစ်တွေကို စစ်တပ်ကပဲ ထိန်းချုပ်ထားတာ AA လည်း မရှိဘူး။ အခု အဖမ်းခံရတဲ့ သူတွေဟာလည်း AA နဲ့ ဆက်သွယ်ကြတာ မရှိဘူး” ဟု ပြောသည်။

ထို့အတူ ကျေးရွာများတွင် စစ်တပ်က လျှို့ဝှက်မွေးမြူထားသည့် မွတ်ဆလင် သတင်းပေးများလည်း ရှိနေသဖြင့် အစစ အရာရာ သွားလာရေး၊ ဂရုစိုက်နေရကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

ဖေဖော်ဝါရီ ၆ ရက်နှင့် ၈ ရက်တို့တွင် စစ်တွေမြို့နယ်၊ ဘုမေကျေးရွာ အုပ်ချုပ်ရေးမှူး ရှော်ဘီ အပါဝင် သဲချောင်း၊ ဒါးပိုင်ရွာဟောင်း၊ လက်သမား၊ ဆာမညှာစသည့် ကျေးရွာ ၅ ရွာက တာဝန်ရှိသူအပါအဝင် ဒေသခံ ၃၀ ဦးကို အာရက္ခတပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၁၀ ရက်တွင်လည်း သဲချောင်း လက်သမား (မွတ်ဆလင်) ကျေးရွာက ရာအိမ်မှူး အီဆမိုင်နှင့် သံတော်လီကျေးရွာက ရာအိမ်မှူး အောလ်ဇော်အာမာလ်၊ နိုရိုလုဒ်၊ ဆောန်ဒုလ်အာမိလ်၊ ဆာဒတ်ဟူ ဆောန်နှင့် ဝါဆလံဂိုရိမ် တို့အပါဝင် စုစုပေါင်း ၁၁ ဦးလည်း ဖမ်းဆီးခံရကြောင်း မွတ်ဆလင်များက ပြောသည်။

ဇန်နဝါရီလ အတွင်းကလည်း စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာ တာဝန်ခံနှင့် ဖွေရာကုန်း ကျေးရွာက ဒေသခံ ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

“ ဖမ်းဆီးခံထားရသူတွေကတော့ ဘယ်သူမှ ပြန်လွတ်တာ မရှိသေးဘူး။ စစ်ကောင်စီကို ကြောက်လို့ အခု ထွက်ပြေးနေကြရတဲ့ သူတွေလည်း ရှိတယ်။ တချို့ကတော့ အမှုဖွင့်ခံထားရတယ်လို့ ကြားတယ်။ ဘယ်ပုဒ်မလဲဆိုတာတော့ ကျနော်တို့လည်း အတိအကျ မသိဘူး ” ဟု နောက်ထပ် စစ်တွေမြို့နယ်က မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မွတ်ဆလင်များကို စစ်ကောင်စီ၏ စရဖတပ်ဖွဲ့နှင့် အမှတ် ၃၆ ရဲတပ်ရင်းတပ်က တပ်ဖွဲ့ဝင်များက ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံ မွတ်ဆလင်များက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့နယ်က မွတ်ဆလင်ကျေးရွာများကို စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး မြို့ထဲသို့ သွားလျှင်လည်း ငွေညှစ်ခြမ်းခြောက်ခြင်းကို ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား နှစ်ဖက်တိုက်ပွဲ များ မကြာခဏရှိနေကြပြီး စစ်ကောင်စီက မြို့ပတ်ပတ်လည်ကို လုံခြုံရေး တိုးမြှင့်ချထားကြောင်း သိရသည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...