လွှတ်တော်များစတင်ရန် စစ်ကော်မရှင်ကြေညာ၍ အစိုးရသစ်ဖွဲ့စည်းရေး ခြေလှမ်းပြင်

လွှတ်တော်များစတင်ရန် စစ်ကော်မရှင်ကြေညာ၍ အစိုးရသစ်ဖွဲ့စည်းရေး ခြေလှမ်းပြင်

မောင်ခက်နွေ — စစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို လာမည့် မတ်လအတွင်း နေပြည်တော်၌ စတင်ကျင်းပတော့မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) က ဖေဖော်ဝါရီ ၂၃  ရက်တွင် တရားဝင်ထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်ချက်အရ စစ်ကော်မရှင်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)က ၂၀၂၆၊ မတ်လ ၁၆ ရက် နံနက် ၁၀ နာရီတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးနှင့် မတ်လ ၁၈ ရက် နံနက် ၁၀ နာရီတွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပမည်ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်ကို လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ခေါ်ယူခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်ကို ကာလုံအမှုဆောင်ချုပ် အောင်လင်းဒွေးက ခေါ်ယူခြင်းဖြစ်သည်ဟု ပါရှိသည်။

ထို့အပြင် ၂၀၂၆၊ မတ်လ ၂၀ ရက်တွင် တတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ ကျင်းပသွားမည်ဟုလည်း ပါရှိသေးသည်။

စစ်ကော်မရှင်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ၁၅၄ (ခ) နှင့် ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၄ (ခ) တို့ကို ကိုးကား၍ ယခုကဲ့သို့ လွှတ်တော်ခေါ်ယူခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း (၃) ပိုင်းခွဲ၍ ရွေးကောက်ပွဲ ကျင်းပခဲ့ရာ စစ်တပ်လက်အောက်ခံ ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အပြတ်အသတ် အနိုင်ရရှိထားသည်။

လွှတ်တော်များ စတင်ပြီးနောက် သမ္မတရွေးချယ်ရေးနှင့် အစိုးရသစ်ဖွဲ့စည်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုတွင်လည်း လာမည့်သင်္ကြန်ကာလမတိုင်မီ သမ္မတ၊ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်အသစ်များကို ရွေးချယ်သွားရန်ရှိကြောင်း ထိုင်းနိုင်ငံဘက်က တရားဝင် သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း နိုင်ငံတဝန်း တိုက်ပွဲများပြင်းထန်နေပြီး သန်းနှင့်ချီသော ပြည်သူများ စစ်ဘေးရှောင်နေရသည့် အခြေအနေတွင် ပြုလုပ်သည့် ယခုရွေးကောက်ပွဲနှင့် လွှတ်တော်အဆင့်ဆင့်သည် ပြည်သူ့ဆန္ဒမပါဝင်ဘဲ အာဏာကို တရားဝင်အောင် ကြိုးပမ်းသည့် ပြကွက်သာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံတကာက ဝေဖန်ပြောဆိုလျက်ရှိသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...