လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ ကဏ္ဍအသီးသီးမှာ ချင်းပြည်ကာကွယ်ရေးနှင့် ချင်းပြည်ရှင်သန် ရပ်တည်ရေးအတွက် ပါဝင်ဆောင်ရွက်ကြရန် ချင်းလဲန်းကောင်စီ (CC) က ကြေညာသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်သော ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့နှင့်ပတ်သက်၍ ချင်းပြည်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ တိုက်တွန်းနှိုးဆော်ထားသည်။
စစ်အာဏာရှင်တော်လှန်ရေးကာလတွင် မိမိတို့ ဌာနေဒေသကို စွန့်ခွာ၍ ရေကြည်ရာ မြက်နုရာ ရှာဖွေခြင်းသည် လွယ်ကူသော ရွေးချယ်မှု ဖြစ်နိုင်သော်လည်း မိမိတို့၏ အမျိုးသားတော်လှန်ရေးအတွက် မှန်ကန်သော ရွေးချယ်မှု မဟုတ်ကြောင်း ချင်းလဲန်း ကောင်စီက ထုတ်ပြန်သည်။
ချင်းပြည်ကို ချင်းအမျိုးသားပြည်သူများ၏ အသက်၊ သမိုင်းနှင့် အနာဂါတ်တို့ဖြင့် ရင်းနှီးပြီး တည်ဆောက် ထားခြင်းဖြစ်ကြောင်း၊ ယင်းကြောင်း ယခုကာလမှာ အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ ကဏ္ဍအသီးသီးမှ ချင်းပြည် ကာကွယ်ရေးနှင့် ချင်းပြည် ရှင်သန်ရပ်တည်ရေးအတွက် ပါဝင်ကြရမည်ဟု ချင်းလဲန်းကောင်စီက အသိပေးနှိုးဆော်သည်။
မြန်မာမှာ စစ်တပ်ကြီးစိုးသော စနစ်သည် ချင်းအမျိုးသားများ၏ နိုင်ငံရေးစနစ်နှင့်ဆန့်ကျင့်သည့်အတွက် ပြည်သူ့ဆီမှာ အာဏာရှိသော ဒီမိုကရေစီ ရရှိသည့်အထိ တိုက်ပွဲဝင်သွားရမည်ဟု ချင်းလဲန်းကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးက ချင်းအမျိုးသားနေ့ မိန့်ခွန်းမှာလည်း ထည့်သွင်းပြောကြားသည်။
“၇၉ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုတဲ့နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာတည်သရွေ့ စစ်တပ် တည်ရှိနေမှာဖြစ်ပြီး ၊ စစ်တပ်တည်ရှိသရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရမယ် လို့ ပြောလိုက်ပါတယ်။ ပြည်ထောင်စုကို စစ်တပ်က တည်ဆောက် ထားတာ မဟုတ်ဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးမှုနဲ့ တည်ဆောက်ခဲ့ကြတာ ဖြစ်တယ်။ ပြည်ထောင်စုရဲ့ နိုင်ငံရေးစနစ်ကို ပြည်သူများက ဒီမိုကရေစီ စနစ်နဲ့ ကျင့်သုံးဖို့ တခဲနက်ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်။ ဒါကြောင့် နှစ်ပေါင်း ၆၀ ကျော် စစ်အာဏာရှင် စနစ်ကို အမြစ်ကနေ နှုတ်ယူ ဖျက်ဆီးဖို့ တနိုင်ငံလုံး တိုက်ပွဲဝင်နေကြရတာ ဖြစ်တယ်။ တိုင်းပြည်ကို ပြည်သူမပါပဲ အုပ်ချုပ်လို့ မရသလို လက်နက်နဲ့ ပြည်ထောင်စုကို တည်ဆောက်လို့ မရပါဘူး။ စစ်တပ်ကြီးစိုးတဲ့ စနစ်က ချင်းအမျိုးသားများရဲ့ နိုင်ငံရေးစနစ်နဲ့ ဆန့်ကျင်တဲ့အတွက် ပြည်သူ့ဆီမှာ အာဏာရှိတဲ့ ဒီမိုကရေစီ ရရှိတဲ့အထိ တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်”ဟု ချင်းပြည်ကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောသည်။
ယနေ့သည် အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး စနစ်သစ်တစ်ခုဆီသို့ ဦးတည်သွားနေသော ကာလဖြစ်ပြီ အာဏာရှင်စနစ်ကို အဆုံးသတ်ရန် ဆန္ဒတူညီကြသော်လည်း ကွဲပြားနေသည့် အင်အားစုများကြောင့် အောင်မြင်မှု နှောင့်နှေးခဲ့ရသည်ဟု ချင်းလဲန်း ကောင်စီ ဥက္ကဋ္ဌက ပြောသည်။
“အာဏာရှင်များကို အနိုင်ယူမယ်ဆိုရင် အဖွဲ့အစည်းအလိုက် အောင်မြင်မှုထက် ပူးပေါင်းအောင်မြင်မှုကို ရည်မှန်းကြရပါမယ်။ ညီညွတ်မှု မရှိရင် အောင်မြင်မှု မရနိုင်သလို၊ ညီညွှတ်မှုရှိရင် အာဏာရှင်များ မရပ်တည် နိုင်ဘူးဆိုတာ နှလုံးသွင်းကြရပါမယ်။ နွေဦးတော်လှန်ရေး ၅ နှစ်ကာလမှာ တူညီတဲ့ ရည်မှန်းချက်တွေ အဖွဲ့အစည်းတိုင်းမှာ ရှိနေကြပြီဖြစ်တယ်။ အခုချိန်ဟာ ကျနော်တို့ရဲ့ ရည်မှန်းချက်များကို လက်တွေ့ အကောင့်အထည်ဖော်ဖို့ အကောင်းဆုံး အချိန်ကာလ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်ဖို့ ပထမအဆင့်မှာ စစ်အာဏာရှင် ပပျောက်အောင် တိုက်ဖျက်ဖို့ လိုအပ်ပါတယ်။ ဒီစစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ ကျနော်တို့မှာ လုံလောက်တဲ့ အင်အားရှိသလို ပြည်သူ့ထောက်ခံမှုလည်း ရှိတယ်။ ဒါကြောင့် အဖွဲ့အစည်းတိုင်း၊ လူမျိုးတိုင်း၊ ဒေသတိုင်း ဒီတူညီတဲ့ ရည်မှန်းချက်အောက်မှာ နိုင်ငံရေး၊ စစ်ရေး စုဖွဲ့မှု ပြုလုပ်ပြီး မဟာမိတ်များအဖြစ် ခိုင်မာစွာ ရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမယ့် အဆုံးသတ် စစ်ပွဲကို ဆင်နွှဲကြဖို့ လိုအပ်ပြီဖြစ်တယ်” ဟု ချင်းလဲန်းကောင်စီ ဥက္ကဋ္ဌက ပြောသည်။
ချင်းလူမျိုးများသည် မိရိုဖလား အမွေဆက်ခံ တိုက်သူကြီး၊ ရွာသူကြီး အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဖလမ်းမြို့တွင် ချင်းပြည်သူ ငါးထောင်ကျော်က လွန်ခဲ့သော နှစ်ပေါင်း ၇၈ နှစ်၏ ယနေ့ရက်မှာ ရွေးချယ်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
သို့သော် ယနေ့အချိန်အထိ ချင်းအမျိုးသားပြည်သူများ ရွေးချယ်မျှော်မှန်းခဲ့သော ဒီမိုကရေစီ ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်ကို လက်တွေ့ကျင့်သုံးနိုင်ရေးအတွက် အသက်နှင့်ဘဝ ပေါင်းများစွာ စတေး၍ လက်နက်ကိုင်တော်လှန်ရေးကြီးကို ဆင်နွှဲနေရဆဲဖြစ်သည်ဟု ချင်းလဲန်းကောင်စီထံမှ သိရသည်။
ချင်းပြည်ကောင်စီသည် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၃)နှင့်အညီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များကို ချင်းပြည်အဆင့်နှင့် ဒေသန္တရ အဆင့်ဟူ၍ ထားရှိပြီး ပြည်သူ့များကို ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
တချိန်တည်းမှာ ချင်းပြည်သူများနှင့် တစ်သားတည်း ရပ်တည်၍ အာဏာသိမ်းစစ်တပ်ကို နေ့စဉ်ရက်ဆက် တော်လှန် တိုက်ခိုက်နေပြီး ချင်းအမျိုးသား တည်ဆောက်ရေး၊ ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ချင်းလန်းကောင်စီထံမှ သိရသည်။
စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မိတ်ဖက်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲချိတ်ဆက်ပြီး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
“စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက် အရေးကြီးဆုံးအချက်ဟာ တိုင်းရင်းသားအားလုံး စုစည်းညီညွတ်မှု အားဘဲ ဖြစ်ပါတယ်။ ကျနော်တို့ ချင်းလူမျိုးတွေအနေနဲ့လည်း အာဏာရှင်အမြစ်ပြတ် ခြေမှုန်းနိုင်ဖို့ တော်လှန်ရေး မဟာမိတ်အားလုံးနဲ့အတူ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ ချင်းပြည်လွတ်မြောက်ရေးမှသည် ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်ရေးသို့ ဦးတည်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက်ကလည်း ယနေ့ ချင်းအမျိုးသားနေ့တွင် ပြောကြားသည်။
အမျိုးသားရေးအတွက် အသက်နှင့် ဘဝ ပေးလှူးခဲ့သော သူရဲကောင်း အပေါင်းအား ဦးညွှတ်ဂါရဝ ပြုပါကြောင်း၊ ချင်းပြည်သူများ အနေဖြင့် သူရဲကောင်း အာဇာနည်များကို လေးစားအောက်မေ့လျက် ချင်းအမျိုးသားနေ့၏ အနှစ်သာရကို နှလုံးသွင်းပြီး ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကျင်းပကြရန် ချင်းပြည်ကောင်စီက တိုက်တွန်းထားသည်။
ချင်းအမျိုးသားနေ့ အခမ်းအနားသို့ NUG အစိုးရ ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဌ ခူဦးရယ် ၊ ချင်းလဲန်းကောင်စီနှင့် ချင်းပြည်အစိုးရအဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ချင်းတော်လှန်ရေးအင်အားစုများ တက်ရောက်ကြောင်း သိရသည်။







