သိမ်ဇရပ်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်မှ အင်အားဖြန့်ကျက်ထား

သိမ်ဇရပ်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်မှ အင်အားဖြန့်ကျက်ထား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကော်မရှင်မှ တပ်အင်အား ဖြန့်ကျက်ထားပြီး နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေသည်ဟု ကျိုက်ထို သတင်းအရင်းအမြစ်များမှ သိရသည်။

တပ်အင်အား ၂၅၀ ဝန်းကျင် ပါဝင်သည့် စစ်ကော်မရှင် စစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က သိမ်ဇရပ်မြို့မှ ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုဘက်သို့ နယ်မြေရှင်းလင်းရန် ကြိုးပမ်းဝင်ရောက်လာစဉ် ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ညနေပိုင်းကလည်း ဝင်းကံကျေးအုပ်စုသို့ ဝင်ရောက်နိုင်ရေး ထပ်မံကြိုးပမ်းလာပြီး ဝင်းကံတံတားတစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

လက်ရှိအချိန်အထိ ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုအတွင်းသို့ စစ်ကော်မရှင်စစ်ကြောင်းများ အင်အားဖြန့်ကျက်ထားပြီး နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက “သိမ်ဇရပ်ကနေ စစ်ကြောင်းထိုးလာပြီးတော့ တိုက်ပွဲဖြစ်ပွားမှုက နှစ်ကြိမ်ပဲပေါ့နော်။ သူတို့စစ်ကြောင်းထိုးတဲ့ပုံကလည်း တော်လှန်ရေးအဖွဲ့တွေကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားတာ။ ယူနီဖောင်းတွေရော၊ ဘက်တံဆိပ်တွေရော၊ သူတို့ပြောင်းတပ်ထားတော့လေ။ တော်လှန်ရေးအဖွဲ့တွေကလည်း ထင်ယောင်ထင်မှား ဖြစ်သွားတာပေါ့။ အခုက ခရွဲ၊ ကျောက်ရေတွင်း၊ ဝင်းကံအထိကို စကမဘက်က တပ်အင်အားဖြန့်ပြီး အခိုင်အမာတပ်စွဲထားတယ်” ဟု ဆိုသည်။

တပ်အင်အားဖြန့်ကျက်ထားသည့် ကျေးရွာများအတွင်း ကရင်အမျိုးသားအစည်းအရုံ KNU နှင့် ဆက်စပ်သည်ဟုယူဆရသည့် နေအိမ်နှင့် စစ်ရှောင်နေအိမ်အချို့ကို ဖောက်ထွင်းခိုးယူသည့်အပြင် မီးရှို့ဖျက်ဆီးမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ကျိုက်ထိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“KNU နဲ့ ဆက်စပ်တဲ့ အုပ်ကြီးတွေရဲ့ နေအိမ်တွေကို သူတို့မီးရှိုဖျက်ဆီးလိုက်ကုန်ပြီ။ တစ်ချို့ ဘာမှမဆိုင်တဲ့အိမ်တွေကိုလည်း ရှို့လိုက်တာပါပဲ။ အိမ်တွေကိုလည်း သူတို့ဖောက်ပြီးတော့ ကောင်းတဲ့ပစ္စည်းတွေ၊ ရောင်းစားလို့ရတဲ့ပစ္စည်းတွေကို သူတို့ အကုန်သမလိုက်ကုန်ပြီ” ဟု ဆိုသည်။

ဖျက်ဆီးခံရသည့် နေအိမ်များသည် KNU ခန့် ရပ်ကျေး နာယက၊ အုပ်ချုပ်ရေးမှုး၊ အတွင်းရေးမှုးနေအိမ်များနှင့် စီးပွားရေးမိတ်ဖက် နေအိမ်းများလည်း ပါဝင်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့မှစ၍ ယနေ့အထိ စစ်ကော်မရှင်စစ်ကြောင်းနှင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားများကြောင့် ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုအပါအဝင် ကျေးရွာပေါင်း (၁၉) ရွာနှင့် လူဦးရေ စုစုပေါင်း တစ်သောင်းကျော်တို့ တိမ်းရှောင်နေရကြောင်း KNU မှ ထုတ်ပြန်ထားသည်။

တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...