ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြား ထိခိုက်ပျက်စီးခဲ့ရသည့် သမိုင်းဝင် ဘုရားပုထိုးစေတီ များအား လက်ရှိတွင် ပြုပြင်ထိန်းသိမ်းမှုများ မလုပ်နိုင်၍ စိုးရိမ်ဖွယ်ရာ ကောင်းနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
တိုက်ပွဲကာလ စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးနှင့် တပ်စွဲနေထိုင်မှုတို့ကြောင့် ရခိုင်က သမိုင်းဝင် ဘုရားပုထိုးစေတီများ များစွာထိခိုက်ပျက်စီးခဲ့ရပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများ မလုပ်နိုင်သေး၍ သဘာဝဘေးဒဏ်ကြားမှာ ပစ်ပယ်ခံထားရသည်။
“စစ်ကောင်စီက ရခိုင်ပြည်တစ်ဝန်း သမိုင်းဝင် ဘုရား၊ စေတီ တော်တော်များများကို ရွယ်ရည်ချက်ရှိရှိနဲ့ ပစ်ခက်လိုက်လို့ ပျက်စီးသွားတာ အများကြီးရှိတယ်။ ပြီးရင် သူတို့ တပ်စွဲထားတဲ့အချိန် ကတုက်ကျင်း တူးတာ၊ ဘန်ကာတွေ ဆောက်တာတွေကြောင့် တော်တော် များများ ပျက်စီးသွားတာ ရှိတယ်။ ဒါတွေကို အမြန်ဆုံးပြန်လည်း ပြုပြင်ရင်ကောင်းမယ်။ မဟုတ်ရင် ဒီထက်ပိုပြီး ပျက်စီးသွားနိုင်တယ်” ဟု ကျောက်တော်ဒေသခံ ရပ်ဖိရပ်ဖတစ်ဦးက ပြောသည်။
မြောက်ဦးမြို့ရှိ သင်းကျစ်တောင်စေတီ၊ လင်းမြွေတောင်ဘုရားနှင့် ရွှေတောင်စေတီ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရား၊ ရမ်းဗြဲမြို့ရှိ သိမ်တောင်ဘုရား၊ ကိုရန်တောင်ဘုရားတို့မှာ စစ်ကောင်စီတပ်စွဲ နေထိုင်မှုများကြောင့် အစားထိုး မရနိုင်သည့် သမိုင်းဝင်အမွေအနစ်များ ထိခိုက်ပျက်စီးခဲ့ရသည်။
ယင်းအပြင် ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ့်တစ်ဘုံစေတီ၊ ပုဏ္ဏားကျွန်းမြို့ရှိ ဂူဝဘုရား၊ ရသေ့တောင်မြို့ရှိ ရသေ့တောင်၊ ကျောက်တော်တောင် စသည့် သမိုင်းဝင်ဘုရား ပုထိုးများမှာ စစ်ကောင်စီ၏ လပေါင်းများစွာ တပ်စွဲနေထိုင်မှု၊ လက်နက်ကြီး၊ လေကြာင်းတိုက်ခိုက်မှုဒဏ်ကြောင့် ဘုရားစေတီ အများအစားထိုးမရနိုင်အောင် ပျက်စီးခဲ့ရသည်။
ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက “အဓိကတော့ ပုဏ္ဏားကျွန်းမှာ နယ်မြေမတည်ငြိမ်မှုကြောင့် တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ ဘုရားတွေကို မလုပ်နိုင်သေးဘူး။ ပုဏ္ဏားကျွန်း မြို့သူ မြို့သားတွေတောင် မြို့ထဲကို ဝင်လို့ မရသေးဘူး။ ဒါပေ့မယ် ပျက်စီးသွားတဲ့ ဘုရားတွေကို ဒီလို ထားမယ်ဆိုရင် ရေရှည်မှာ ပိုပြီး ပျက်စီးသွားဖို့ အခြေနေရှိတယ်။ အခုဆိုလည်း လေဒဏ်၊ မိုးဒဏ်တွေကြောင့် ပျက်စီးတာတွေလည်း ရှိတယ်။ ဒါကြောင့် အမြန်ဆုံး ပြန်လည် လုပ်ဖို့တယ်” ဟု ပြောသည်။
ထို ဘုရားပုထိုးစေတီများမှာ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုသမိုင်းဝင် အမွေအနှစ်များဖြစ်၍ ပြုပြင်ထိန်းသိမ်းမှုများ မလုပ်နိုင်ပါက သဘာဝဘေးဒဏ်ကြား တဖြည်းဖြည်းနှင့် ယိုယွင်းပျက်စီးသွား မည့်အရေးကို ဒေသခံများက စိုးရိမ်နေကြသည်။
တစ်ဖက်တွင်လည်း ရခိုင်ဒေသအတွင်း စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနှင့် အရပ်သားနေထိုင်ရာ မြို့/ရွာမကျန် လေကြောင်းတိုက်ခိုက်နေ၍ ထိန်းသိမ်းမှုလုပ်ငန်းအတွက် အခက်အခဲတစ်ခုဖြစ်နေသည်။
ကျောက်တော်မြို့ခံ တစ်ဦးက “ကျောက်တော်မှာဆိုရင် စစ်ကောင်စီက ဘာသာရေး အဆောက်အအုံ တော်တော်များများကို ဖျက်ဆီးသွားခဲ့တာ ရှိတယ်။ အခုထိ မလုပ်ရသေးဘူး။ ကျောက်တော်တောင်မှာ ဘေးမဲ့ပေးထားတဲ့ မျောက်တွေကို သူတို့ သတ်စားတာတွေ ရှိခဲ့တယ်။ ပြီးရင် တခြား မြို့နယ်တွေမှာလည်း ပျက်စီးသွားတဲ့ စေတီပုထိုးတွေကို အခုချိန်ထိ ပြန်လည် မပြုပြင်နိုင်သေးဘူး” ဟု ပြောသည်။
ရခိုင်ပြည်သည် ဘုရားပုထိုးစေတီ ပေါများပြီး သမိုင်းဝင်အမွေအနှစ်များ တည်ရှိရာ ဒေသတစ်ခုလည်း ဖြစ်သည်။ သို့သော် ယနေ့အချိန်ခါ ထိုသမိုင်းဝင် အမွေနှစ်များသည် စစ်ဒဏ်ကြားမှာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုကို ရင်ဆိုင်နေရသည်။
ဘုရားပုထိုးစေတီများအပါအဝင် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကို စစ်ပွဲအတွင်း အကာအကွယ်ပေးရန် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသော်လည်း စစ်ကောင်စီက လိုက်နာခြင်းမရှိဘဲ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိနေသည်။
ပုံစာ - စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် မြောက်ဦးမြို့ရှိ ရွှေတောင်စေတီအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။







