ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းရှိ သာယာကုန်းကျေးရွာအတွင်းသို့ စစ်ကော်မရှင်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
သာယာကုန်းကျေးရွာအနီးရှိ ကမိုင်ကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်စစ်ကြောင်းသည် ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်က ရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။
ဒရုန်းပျံဝဲလာသည်ကို သတိပြုမိသည့် ရွာသားများကြောင့် လူထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း၊ သာယာကုန်ကျေးရွာ ဘောလုံးကွင်းအနီးရှိ နေအိမ် ၂ လုံးထိခိုက်ပျက်စီးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“စကမစစ်ကြောင်းက ကမိုင်ကုန်းမှာ အခုတလော အမြဲရှိနေတယ်။ အင်အားဘယ်လောက်ရှိနေလဲတော့ မသိဘူး။ သူတို့ (စစ်ကော်မရှင်) က နေ့တိုင်း ဒရုန်းတွေနဲ့ ကင်းလှည့်ပျံဝဲနေတယ်။ မနေ့ကတော့ သာယာကုန်းမှာ နေအိမ်တွေ တော်တော်လေး ထိသွားတယ်။ ကံကောင်းလို့ ရွာသားတွေက ဒရုန်းပျံဝဲလာတာကို တွေ့တာနဲ့ အကုန်ပြေးရှောင်လိုက်လို့ ရွာသားတွေကတော့ ထိခိုက်မှု မရှိခဲ့ဘူး။ အိမ်နှစ်လုံးကတော့ နေမရတဲ့အထိကို ပျက်စီးသွားတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
အဆိုပါကျေးရွာတွင် တော်လှန်ရေးပူးပေါင်းတပ်များ လှုပ်ရှားသွားလာမှု မရှိသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ ရှိနိုင်သည့် ယူဆချက်ဖြင့်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလက မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းကို စစ်ကော်မရှင်က ထိန်းချုပ်ခဲ့သည့်နောက် လမ်းပိုင်းအနီးတစ်ဝိုက်ရှိ ကျေးရွာများအတွင်း တပ်စွဲအခြေချကာ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် နေ့စဉ်ကင်းထောက်ပျံဝဲခြင်းများလုပ်ဆောင်နေကြောင်း ကော့ကရိတ်စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“အဲဒီအာရှလမ်းကို သူတို့ (စစ်ကော်မရှင်) ထိန်းချုပ်ပြီးကတည်းက နေရာတော်တော်များများမှာ သူတို့တပ်စွဲလာတယ်။ တစ်ခါတစ်လေ စစ်ကြောင်းထိုးတယ်။ အထူးသဖြင့် တော်လှန်ရေးအဖွဲ့တွေ ရှိနေတယ်လို့ ထင်ရတဲ့နေရာတွေကို သူတို့ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ခနခန လာကြဲနေပါတယ်” ဟု အထက်ပါ ရဲဘော်က ပြောသည်။
စစ်ကော်မရှင် ရွေးကောက်ပွဲအပိုင်း ၂ ကာလမှစ၍ ကော့ကရိတ်မြို့ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိကျေးရွာများတွင် တိုက်ပွဲဖြစ်ပွဲပြင်းထန်ခဲ့ရာ လက်ရှိအချိန်အထိ ကျေးရွာပေါင်း ၂၀ ရွာမှ သောင်းနှင့်ချီသည့် ဒေသခံများ နေရပ်မပြန်သေးဘဲ တိမ်းရှောင်နေရဆဲဖြစ်သည်။
ကော့ကရိတ်မြို့နှင့် ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်းကို လက်ရှိတွင် စစ်ကော်မရှင် အပါအဝင် ဗိုလ်ဘိဦးဆောင်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်နယ်ခြားစောင့်တပ် BGF နှင့် ကရင်အမျိုးသားတပ်မတော် KNA တို့မှ ထိန်းချုပ်တပ်စွဲထားပြီး ကော့ကရိတ်အနီးတစ်ဝိုက်ကျေးရွားများသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူး ပေါင်းတပ်တို့က ထိန်းချုပ်တပ်စွဲထားခြင်း ဖြစ်သည်။
ဓာတ်ပုံ – ပေးပို့ (ဗုံးကျရောက်ပေါက်ကွဲခဲ့သည့် နေအိမ်)







