တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

စိုင်းဆိုင်အိုက် — မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက် စစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရောင်နီဦးဝင်းထဲက တိုက်ခန်းတွေမှာ နေနေကြတဲ့ တရုတ်နိုင်ငံသားတွေကို ရဲတွေက ဝင်ဖမ်းသွားတာ။ အချိန်နဲ့ လူဦးရေကတော့ သေချာ မသိရသေးဘူး၊ ဖမ်းခံရတာကတော့ များတယ် ၁၀၀ ကျော်လောက် ရှိမယ်”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများသည် ကျားဖြန့်အွန်လိုင်းလုပ်ငန်းနှင့် ပတ်သက်မှု ရှိနိုင်ပြီး တာချီလိတ်မြို့အတွင်းတွင်လည်း စစ်ကော်မရှင် လက်အောက်ခံရဲများက ကားများဖြင့် လှည့်ပတ်စစ်ဆေးမှုရှိနေကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“သူတို့တွေ ဝင်ဖမ်းတာ ၁၀၀ ကျော် ပါသွားတယ်၊ တရုတ်နိုင်ငံသားတွေကြီးပဲ။ မနက်ပိုင်းလောက် ဝင်ဖမ်းတာ။ ဒီတိုင်း ဖမ်းတာပဲ တွေ့လိုက်တာ ဘယ်လောက်များလဲဆိုတာ အတိအကျတော့ မသိရဘူး။ ပြီးတော့ ဒီရက်ပိုင်း မြို့တွင်းထဲမှာလည်း ရဲတွေက ကားတွေနဲ့ပတ်ပြီး သွားသွားလာလာ လုပ်နေတာ အရမ်းတွေ့ရတယ်”ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ထွက်ပြေးလာသူများ ဖြစ်နိုင်သည့်အပြင် လာအိုနိုင်ငံဘက်တွင် အဖမ်းအဆီးများကြောင့် ရွှေ့ပြောင်းလာကြသည့် တရုတ်နိုင်ငံသားများ ဖြစ်နိုင်ကြောင်းကို တာချီလိတ်မြို့ ဒေသခံများက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၃ ရက်တွင် မိုင်းရယ်မြို့ အရှေ့တောင်ဘက် ဟိုက်ပုကျေးရွာ အနီးရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် မိုးကာတဲများတွင် တရုတ်နိုင်ငံသား အမျိုးသား ၃၂၁ ဦး နှင့် အမျိုးသမီး ၉ ဦး စုစုပေါင်း (၃၃၀) ဦးတို့ကို စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

June 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း...
June 1, 2026
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...
May 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ...
May 29, 2026
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...