စစ်ခေါင်းဆောင်အား ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးအပ်မှု ပြင်းထန်စွာ ရှုတ်ချ

စစ်ခေါင်းဆောင်အား ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးအပ်မှု ပြင်းထန်စွာ ရှုတ်ချ

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်မှုနှင့် ပတ်သက်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊ ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ယမန်နေ့ (ဖေဖော်ဝါရီ ၅)က ပူးတွဲသဘောထားထုတ်ပြန်သည်။

“စစ်အုပ်စုကို မျက်နှာချိုသွေးကာဘွဲ့တံဆပ်ကို တံစိုးလက်ဆောင်အဖြစ် အသုံးပြုပြီး အာဏာပိုင်များ၏ ဤကဲ့သို့ ဘွဲ့ကတ်ပြားရောင်းစားခြင်းအား ကျွန်ပ်တို့က ပြင်းထန်စွာ ရှုတ်ချလိုက်သည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်ကော်မရှင်ထိန်းချုပ် ရန်ကုန်တက္ကသိုလ်မှ စစ်ခေါင်းဆောင်အား ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပဋိပက္ခများကြောင့် အရပ်သားသေဆုံးမှုများ မြင့်တက်ခြင်း၊ နိုင်ငံ့စီးပွားရေးကျဆင်းပြီး ဆင်းရဲမွဲတေမှုတိုးပွားခြင်းများလည်း ဖြစ်ပွားနေသော်လည်း စစ်ကော်မရှင်လက်အောက်ခံ ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်ကမူ စစ်ခေါင်းဆောင်အနေဖြင့် နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲဖြေရှင်းနိုင်ခဲ့သည့် စွမ်းဆောင်ချက်များကြောင့် ပါရဂူဘွဲ့ပေးအပ်ခြင်းဟု အဆိုပါ အခမ်းအနားတွင် ပြောဆိုခဲ့သည်။

ထိုသို့ ပါရဂူဘွဲ့ပေးမှုမှာ “ငရဲခွေးကြီးကို ဘွဲ့ဝတ်ရုံဆင်မြန်းပေးလိုက်ခြင်း” ဟု ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊ ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ထုတ်ပြန်ချက်တွင် ပြောသည်။

စစ်ကော်မရှင်၏ ဖိနှိပ်ရေးယန္တရားတွင် ခွေးသွားစိတ်များအဖြစ် တက်ကြွစွာအသုံးချခံနေသော စစ်ကော်မရှင်ခန့် ပညာရေးဝန်ကြီးဆိုသူ ဒေါက်တာချောချောစိန်နှင့် ပါမောက္ခချုပ်ဆိုသူ ဒေါက်တာတင်မောင်ထွန်းတို့က ၎င်းတို့၏ ရာထူးနေရာတည်မြဲရေးအတွက် ထိုသို့လုပ်ဆောင်ခြင်းသည် စစ်ကျွန်ပညာရေး၏ သရုပ်သကန်ကို ထင်ရှားစွာဖော်ကျူးပြလိုက်ခြင်းပင်ဖြစ်ကြောင်းလည်း ဆိုထားသည်။

“စာသင်ကျောင်းများကို ဗုံးကြဲကာ ရက်စက်မှုအပေါင်း သရဖူဆောင်းနေသော စစ်ရာဇဝတ်တရားခံ ဗိုလ်မင်းအောင်လှိုင်၏ ကိုယ်တွင် ကျောင်းသူ၊ ကျောင်းသားတို့၏ သွေးများစွန်းပေလျက်ရှိသည်။ ဤ ညစ်ထေးသောကိုယ်ဖြင့် ဆင်မြန်းခဲ့သော ဘွဲ့ဝတ်ရုံသည်လည်းကောင်း၊ ဤသွေးစွန်းသောလက်ဖြင့် ကိုင်တွယ်ခဲ့သော ဘွဲ့လက်မှတ်သည်လည်းကောင်း ဂုဏ်သိက္ခာကင်းမဲ့ခဲ့ရချေပြီ။ ဘွဲ့နှင်းခန်းမတွင်လည်း သွေးညှီနံ့များလှိုင်နေပြီ” ဟုလည်း အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ထဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သတိုးသီရိသုဓမ္မဘွဲ့နှင့် သတိုးမဟာသရေစည်သူဘွဲ့ စသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ဘွဲ့ကိုလည်း သူ့ကိုယ်သူ ပြန်ပေးထားဖူးသည်။

ဓါတ်ပုံ- အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်မှုနှင့် ပတ်သက်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊ ရန်ကုန်တက္က သိုလ်ဆရာ၊ ဆရာမများအသင်းနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ယမန်နေ့ (ဖေဖော်ဝါရီ ၅)က ပူးတွဲသဘောထားထုတ်ပြန်သည်။ 

Most read this week

စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...
ဖင်လန်သံရုံးမှ မြင်ရသည့် ရန်ကုန်မြင်ကွင်း။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် တွင်ထုတ်ပြန်သည်။ (Embassy of Finland in Yangon)
February 25, 2026
မောင်ခက်နွေ — ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ယခုလကုန် (ဖေဖော်ဝါရီလ ၂၈ ရက်)တွင်...
February 24, 2026
မောင်ခက်နွေ — စစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး တတိယအကြိမ်မြောက်...
စစ်ကော်မရှင်တပ်သားများ ပစ်ခတ်ခဲ့သည့် ခရီးသည်တင်ယာဉ် (cj)
February 23, 2026
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ သာစည်အကျဉ်းထောင်အနီးတွင် လမ်းမှားလာသည့် ရွှေပီနောင်း...