မဏိပူရထောင်မှ ကလေး ၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၂၇ ဦး ထပ်မံလွတ်မြောက်

မဏိပူရထောင်မှ ကလေး ၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၂၇ ဦး ထပ်မံလွတ်မြောက်
ဓါတ်ပုံ - အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊အင်ဖာမြို့ ဆာဂျီဝါး အကျဥ်းထောင်မှ တရားဝင်နေထိုင်ခွင့် အထောက် အထားမရှိသည့် အဖမ်းဆီးခံမြန်မာများအနက် ဖေဖော်ဝါရီ ၄ ရက်နေ့က ကလေးနှစ်ဦး အပါအဝင်လွတ်မြောက်လာသူ ၂၇ဦးကို ကျန်းမာရေးစစ်ဆေးနေစဥ်။ (စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန)
ဓါတ်ပုံ - အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊အင်ဖာမြို့ ဆာဂျီဝါး အကျဥ်းထောင်မှ တရားဝင်နေထိုင်ခွင့် အထောက် အထားမရှိသည့် အဖမ်းဆီးခံမြန်မာများအနက် ဖေဖော်ဝါရီ ၄ ရက်နေ့က ကလေးနှစ်ဦး အပါအဝင်လွတ်မြောက်လာသူ ၂၇ဦးကို ကျန်းမာရေးစစ်ဆေးနေစဥ်။ (စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပါခွီး — အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့ ဆာဂျီဝါးအကျဥ်းထောင်မှ မြန်မာနိုင်ငံသား ၂၇ ဦး ထပ်မံလွတ်မြောက်လာကြောင်း ဒေသသတင်းစာနှင့် လွတ်မြောက်လာသူမိသားစုနှင့်နီးစပ်သူထံက သိရသည်။

မဏိပူရပြည်နယ်အတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိသဖြင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအများအနက် ကလေးငယ် နှစ်ဦးနှင့် ၎င်း၏မိခင်အပါအဝင် အမျိုးသား ၂၄ ဦး၊ စုစုပေါင်း ၂၇ ဦးကို ယမန်နေ့ (ဖေဖော်ဝါရီလ ၄ ရက်)တွင် အိန္ဒိယနယ်စပ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

“ဟုတ်တယ် လွတ်လာတာမှန်ပါတယ်။ အင်ဖာကနေ ရဟတ်ယာဥ်နဲ့နယ်စပ်ကိုပို့တာ။ အခု တမူးက ဘုရားကျောင်းတခုမှာ ထားပါတယ်” ဟု လွတ်မြောက်လာသူတဦး၏ မိသားစုဝင်နှင့်နီးစပ်သူက ပြောသည်။

လတ်တလော အိန္ဒိယနိုင်ငံတွင် ကူးစက်နေသည့် နီးပါး(Nipah) ဗိုင်းရပ်ကြောင့် ဆေးစစ်မှုပြုလုပ်ပြီး တပတ်အကြာ အသွားအလာကန့်သတ်(Quarantine) ထားမည်ဖြစ်ပြီး ယင်းနောက် မိသားစုဝင်များ၏ အာမခံဖြင့် နေရပ်သို့ပြန်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုလွတ်မြောက်သူများသည် မဏိပူရပြည်နယ်သို့ အသက်မွေးဝမ်းကြောင်းအတွက် အလုပ်လုပ်ကိုင်သူများ၊ ပညာ သင်ကြားရန်သွားရောက်သူများနှင့် နယ်စပ်တွင်နေထိုင်သူများပါဝင်ပြီး ထောင်တွင်းနေရမှုအချိန်သည် သုံးနှစ်မှ ငါးနှစ်အကြား နေထိုင်ခဲ့ရသူများဖြစ်ကြောင်း သိရသည်။

၎င်းတို့လွတ်မြောက်ရေးအတွက် အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံးသို့ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားများပေးပို့ကာ ယင်းမှတဆင့် မြန်မာနိုင်ငံအတွင်း ပြန်လည်စိစစ်ပြီးသူများကို လက်ခံခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူမိသားစုနှင့်နီးစပ်သူက ဆက်ပြောသည်။

မဏိပူရအစိုးရသည် ၁၉၄၆ ခုနှစ် နိုင်ငံခြားသားများအက်ဥပဒေ၏ ပြဋ္ဌာန်းချက်များအရ လိုအပ်သော လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်းစဥ်များ ပြီးမြောက်ပြီးနောက် မြန်မာနိုင်ငံသား ၂၇ ဦးကို အိန္ဒိယ- မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁) မှတဆင့် မြန်မာအာဏာပိုင်များကို လွှဲပြောင်းပေးခဲ့ကြောင်း NE Live သတင်းစာက ယမန်နေ့တွင် ရေးသားသည်။

အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးသူများ မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးသူ  ၂၇ ဦးကို ဇန်နဝါရီလ ၄ ရက် တမူးမြို့ ၊ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ်မှ တဆင့် နေရပ်အသီးသီးသို့ပို့ဆောင်ပေးခဲ့ကြောင်း စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်သည်။

ယင်းသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် အိန္ဒိယရှိ မြန်မာသံရုံးက အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန(MEA)မှတဆင့် မဏိပူရပြည်နယ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မဏိပူရထောင်မှ မြန်မာနိုင်ငံသားလွတ်မြောက်မှုသည် ပဉ္စမအကြိမ်ဖြစ်ပြီး ၂၀၂၄ ခု မေလ ၂ ရက်တွင် ၃၉ ဦး၊ ဇွန်လ ၁၁ ရက်တွင် ၃၈ ဦး ၊ ၂၀၂၅ ခု ဇန်နဝါရီ ၄ ရက်၌ ၂၆ ဦးနှင့် မတ်လ ၂၁ ရက်နေ့တွင် ၂၇ ဦးတို့ အသီးသီးလွတ်မြောက်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်၍ မဏိပူရ ၊အင်ဖာအကျဥ်းထောင်ထဲတွင် တရားမဝင်နေထိုင်ခွင့်အထောက်အထားမရှိသည့် မြန်မာ နိုင်ငံသားအမျိုးသား အမျိုးသမီး ၆၀ ကျော်ခန့် ကျန်ရှိနေသေးကြောင်း အကျဥ်းကျ မိသားစုဝင်များထံက သိရသည်။

အကျဥ်းထောင်အတွင်း သောက်သုံးရေအပါအဝင် အစားအသောက်ညံ့ဖျင်းမှု ၊ ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်ခြင်းများကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ၃၂ နှစ် အရွယ် ကိုဒဲခိုလွန်းနှင့် ၂၀၂၅ ခု မေလ ၁၉ ရက်နေ့တွင် အသက် ၅၇ နှစ်အရွယ် ဦးအောင်မင်းတို့ သေဆုံးခဲ့ပြီး ဖြစ်သည်။

February 4, 2026
နိုင်ငံ့လူဦးရေ၏ အများစုသည် မိမိတို့ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်ရေးကို...
February 3, 2026
စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကျားဖြန့် (...
February 2, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊မော်လိုက်ကလေး အကျဥ်းထောင်၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့်...
January 31, 2026
Powerful explosions from 500-pound bombs dropped by Myanmar military jet fighters shook the Thai...