ထိုင်း-မြန်မာ ကုန်သွယ်ရေး အဓိကဆက်သွယ်ထားသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်ကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၈) ရက်မှစပြီး ယနေ့အထိ မွန်၊ ကရင်ဘက်တွင် အင်အားဖြည့် တပ်ဖြန့်နေရာချထားမှုများ လုပ်ဆောင်နေကြောင်း ကရင်စစ်ရေး တော်လှန်ရေးအင်အားစုများက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းတစ်လျှောက် ရန်ကုန်-သထုံ လမ်းပိုင်းမှ စစ်ယာဉ်တန်း အစီးရေအများအပြား ဖားအံနှင့် မော်လမြိုင်ဘက်သို့ ဖြန့်ခွဲဝင်ရောက်လာပြီး ကော့ကရိတ်မှ မြဝတီအထိ ဆက်သွားကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။
ထိုယာဉ်တန်းတွင် လက်နက်ခဲယမ်း၊ လူအင်အား၊ သံချပ်ကာတင့်ကား၊ သံပြားကာအမြှောက်ကား၊ ဝန်ချီသယ်ဆောင်သည့် ကရိန်းကား၊ လမ်းတံတား တပ်ဆင်ရာတွင် အသုံးပြုသည့် ယာဉ်များ စသည်ဖြင့် ပါဝင်နေပြီး ၎င်းတို့ကို တပ်ရင်း၊ တပ်စခန်းများတွင် ဖြန့်ကျက်နေရာချထားမှုများ လုပ်နေသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သတင်းအရင်းအမြစ်က ပြောသည်။
“အာရှလမ်း ဖွင့်ဖို့ နေရာစုံကို တပ်ဖြန့်နေတာ။ ကျုံဒိုး၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ကျိုက်မရော ဘက်တွေအကုန် ပါတယ်။ စစ်ကားတွေရော၊ တံတားထိုးတဲ့ကားတွေ၊ တင့်ကား တွေအကုန်လုံးဆို အစီး ၃၀ ကျော်လောက် ထပ်တက်လာတယ်” ဟု ၎င်း သတင်းအရင်းအမြစ်က ပြောသည်။
တစ်ဖက်တွင်လည်း KNLA မဟာမိတ်တပ်များက မြဝတီမြို့တောင်ဘက် မင်းလက်ပံ၊ ဖလူးလေးနှင့် ဝေါလေ ဗျူဟာကုန်း နေရာများတွင် စစ်အုပ်စုတပ်ကို ဖြတ်တိုက်နေပြီး လက်နက်ကြီး အပါအဝင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများဖြင့် စစ်အုပ်စုဘက်က တုံ့ပြန်ကြောင်း သိရသည်။
နောက်ဆုံးရရှိထားသည့် သတင်းအရ ယနေ့ (ဖေဖော်ဝါရီ ၃ ရက်) နံနက်ပိုင်းက စစ်အုပ်စု ယာဉ်တန်း ၃၇ စီးသည် ဖားအံ-အိန္ဒု-ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းမှ ကော့ကရိတ်မြို့ပိုင်းရှိ စစ်အုပ်စု၏ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၁၂) ဘက်သို့ ထပ်မံရောက်ရှိသွားသည်ဟု ကျုံဒိုး တပ်တွင်း သတင်းအရင်းအမြစ်က ဆိုသည်။
ကျုံဒိုး တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူက “ရွေးကောက်ပွဲရက်ပြီးကတည်းက ရတခ ဒုတိုင်းမှူး ကိုယ်တိုင် ကရင်ပြည်နယ်ကို စစ်ဆင်ဖို့၊ အာရှလမ်း ဖွင့်ဖို့ စလုပ်တာမျိုး သတင်းရတယ်။ ကျုံဒိုး ခမရ ၅၄၅/၅၄၆ တပ်၊ စကခ ၁၂ တပ်ရင်းနဲ့ လှိုင်းဘွဲ၊ ပိုင်ကျုံဘက်အထိ သူတို့ (စစ်အုပ်စု) နေရာယူ လာတယ်။ ဂျိုင်းမြစ်ကမ်းနား ရွာတွေကိုလည်း ဝင်လာပြီ” ဟု ကေအိုင်စီသို့ ပြောသည်။
အင်အားအကြီးအကျယ် ဖြည့်တင်းမှုနှင့် ကရင်ပြည်နယ်တွင် စစ်အုပ်စု စစ်ရေးပြင်နေသည့် သတင်းများကြောင့် ဒေသခံလူထုအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေသလို တော်လှန်ရေး အင်အားစုများဘက်ကလည်း တပ်လှန့် အနေအထား ရှိကြောင်း ဒေသတွင်းနှင့် အင်အားစုများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက နယ်မြေလုံခြုံရေးကြောင့် အာရှလမ်းမကြီးပေါ် လမ်းပန်းသွားလာမှု အခြေအနေမှာ ပိတ်တစ်လှည့် ဖွင့်တစ်လှည့် ဖြစ်ခဲ့သည်။ နယ်မြေအသာစီး ရရေး နှစ်ဖက်ကြိုးပမ်းမှု များအတွင်း တိုက်ပွဲ ပိုမိုပြင်းထန်လာခြင်းကြောင့် လုံးဝအသွားအလာ မရှိတော့ရာမှ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်တွင် စစ်အုပ်စုက သာလွန်အင်အား အသုံးပြု၍ အာရှလမ်းမကြီး တစ်လျှောက် ပြန်လည် ထိန်းချုပ်သွားနိုင်ခြင်း ဖြစ်သည်။
သို့သော် အာရှလမ်းမ အတွင်းဘက် ကျေးရွာများကိုမူ KNLA မဟာမိတ်တပ်များက ထိုစဉ်ကတည်းက လက်ရှိအချိန်ထိ စိုးမိုးထားဆဲ ဖြစ်သည်ဟု ကရင်စစ်ရေး သတင်းအရင်းအမြစ်များထံမှ သိရသည်။







