မြစ်ကြီးနားမှာ တစ်လအတွင်း ယာဉ်တိုက်မှု ၃၁ ကြိမ်ဖြစ်၊ အမျိုးသမီး ၂ ဦးသေဆုံး

မြစ်ကြီးနားမှာ တစ်လအတွင်း ယာဉ်တိုက်မှု ၃၁ ကြိမ်ဖြစ်၊ အမျိုးသမီး ၂ ဦးသေဆုံး
မြစ်ကြီးနားမြို့တွင်း ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့မြင်ကွင်းတစ်နေရာ။
မြစ်ကြီးနားမြို့တွင်း ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့မြင်ကွင်းတစ်နေရာ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှု ၃၁ ကြိမ် ဖြစ်ခဲ့ပြီး အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။

ဒီယာဉ်တိုက်မှုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတစ်လအတွင်းဖြစ်စဥ်‌တွေဖြစ်ပြီး သေဆုံးသူ အမျိုးသမီး ၂ ဦးနဲ့ အနီရောင်အဆင့်(ထိခိုက်ဒဏ်ရာပြင်းထန်သူ) ၁၀ ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။

“အကုန်လုံးကတော့ တော်တော်ပြင်းထန်တယ်။ ထိခိုက်ဒဏ်ရာနည်းတဲ့သူ နည်းတယ်။ နံရိုးကျိုးတာတွေနဲ့ အရိုးကျိုးတာတွေ များတယ်”လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီထိခိုက် သေဆုံးမှု အများစုဟာ အရက်မူးပြီး ဆိုင်ကယ်မှောက်တာ၊ အရှိန်ပြင်းပြီး မှောက်လဲတဲ့ ဖြစ်စဉ်တွေနဲ့ ကားမှောက်၊ ကားတိုက်တဲ့ ဖြစ်စဉ်တွေကြောင့် ဖြစ်ပျက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အနီရောင်အဆင့်လူနာတွေကတော့ ဆေးရုံရောက်ပြီးနောက်ပိုင်း ဒဏ်ရာတွေ ပြန်လည် ကောင်းမွန်လာကြသူတွေ များတယ်လို့ ဆိုပါတယ်။

အထက်ပါ ဖော်ပြထားတဲ့အချက်တွေဟာ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းတွေဖြစ်တဲ့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း၊ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်း၊ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမြို့အဖွဲ့ နဲ့ ချီဆောင်ခြင်း လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ စုံစမ်းသိရှိထားတဲ့ အချက်တွေဖြစ်တဲ့အတွက် မြေပြင်အခြေအနေနဲ့ ကွာဟချက်ရှိနိုင်ပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့မှာ ယာဥ်တိုက်မှုတွေကတော့ တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်ထက်မနည်း ဖြစ်နေပြီး ညသန်းခေါင်ယံ အချိန်တွေမှာ ပိုအဖြစ်များလာတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

“ညပိုင်းသောက်စား မူးပြီးမောင်းကြတာများတယ်။ အဲတော့ ညပိုင်းအက်စီးဒင့်ဖြစ်တဲ့သူတွေက ဒဏ်ရာပိုပြင်းထန်ကြတယ်။ အရှိန်မလျှော့တာနဲ့ မူးပြီး မောင်းကြတာလေ”လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးပြောပါတယ်။

ဒါ့အပြင် ယာဥ်တိုက်မှုတွေဟာ နှစ်ကုန်ခါနီးအချိန်တွေနဲ့ ခုလို နှစ်အစပိုင်းတွေမှာ ပိုအဖြစ်များလေ့ရှိတာဖြစ်ပြီး သေဆုံးသူတွေလည်း ရှိတတ်တဲ့အတွက် အရက်သေစာမသောက်စားဘဲ ယာဥ်စည်းကမ်း သေချာလိုက်နာပေးဖို့ လူမှုကယ်ဆယ်ရေးအသင်းတွေကနေ သတိပေးထားတာဖြစ်ပါတယ်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...