ချင်းပြည်သူများ၊ ချင်းတော်လှန်ရေး အင်အားစုများနှင့် လက်တွဲပြီး ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်တည် ဆောက် ရေးနှင့် ချင်းပြည်နယ်နိမိတ် စုစည်းကာကွယ်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်သွားမည်ဟု စစ်အာဏာ သိမ်း ၅ နှစ်ပြည့်ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ကြေညာသည်။
ဘုံရည်မှန်းချက်တူ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဟု CNF / CNA ထံမှ သိရသည်။
ယနေ့အထိ စစ်ကော်မရှင်မှ အကြမ်းဖက်မှု နည်းလမ်းပေါင်းစုံဖြင့် ပြည်သူကို ဖိနှိပ်သတ်ဖြတ်နေသော်လည်း ပြည်သူ့ထောက်ပံ့ မှုဖြင့် ဆင်နွှဲလျက်ရှိသော ခုခံတော်လှန်တိုက်ပွဲများ ပိုမိုအားကောင်းလာနေသည်မှာ ပြည်သူ တရပ်လုံး၏ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးသံန္နိဌာန် မည်မျှပြင်းပြကြောင်း ပေါ်လွင်နေမှုဖြစ်သည်ဟု ဆိုသည်။
စစ်အာဏာသိမ်းမှ ၅ နှစ်တာအတွင်း မြန်မာနိုင်ငံသည် အာဆီယံနှင့် ကမ္ဘာ့မျက်နှာစာတွင် ဘောင်တန်းမဝင်တော့ဘဲ အာဏာရှင် နိုင်ငံအချို့၏ အကျိုးစီးပွားအတွက် စိတ်ကြိုက်ချယ်လှယ်အသုံးချခံဘဝသို့ ကျရောက်နေသည်ဟု CNF က ပြောသည်။
အာဏာမသိမ်းမှီက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးသော နိုင်ငံများ စာရင်းဝင်ဖြစ်ခဲ့ရာမှ လက်ရှိတွင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်း ထိပ်တန်းဝင်နိုင်ငံဖြစ်လာသည်ဟု သတိပေးထားသည်။
ပြည်သူ့တော်လှန်ရေးကာလအတွင်း စစ်ကော်မရှင်တပ်၏ အကြမ်းဖက်မှုကြောင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူအပေါင်းနှင့် ထပ်တူထပ်မျှ နာကျည်းဝမ်းနည်းရပါကြောင်း၊ မတရားမှုကို ဆန့်ကျင်တော်လှန်ရင်း မြင့်မြတ်စွာ ကျဆုံးရသော ရဲဘော်နှင့် ပြည်သူအားလုံးကို လေးစားဦးညွှတ် ဂုဏ်ပြုသည်ဟု ထုတ်ပြန်သည်။
အာဏာသိမ်း ၅ နှစ်တာမှာ မတရားစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူ ၇,၀၀၀ ကျော် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရပြီး စစ်ရေးပစ်မှတ် မဟုတ်သော ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦးနှင့် လူနေအိမ်များ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေးသူငယ်၊ အမျိုးသမီးနှင့် အရပ်သား ပြည်သူ ၄,၀၀၀ ကျော် သေဆုံးရသည်ဟု သိရသည်။
အရပ်သားပြည်သူ့နေအိမ် ၁၂၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၄ သန်းနီးပါး နေရပ်စွန့်ခွာ ပုန်းရှောင်နေထိုင်ရကြောင်း အဆိုပါထုတ်ချက်မှာ ဖော်ပြထားသည်။
ပြည်သူများ၏ ကြံ့ကြံခိုင် အားပေးထာက်ခံမှုနှင့် တော်လှန်ရေး အင်အားစုများ၏ ညီညွတ်စုပေါင်းအားဖြင့် ပြည်သူ့တော်လှန်ရေး အောင်ပွဲဆီသို့ အတူတကွ ချီတက်ကြပါစို့ဟု ချင်းအမျိုးသားတပ်ဦးက တိုက်တွန်းနှိုးဆော်ထားသည်။
၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် စစ်တပ်သည် အချုပ်အခြာအာဏာ မူလပိုင်ရှင်ဖြစ်သော ပြည်သူနှင့် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး စစ်အုပ်စု အကျိုးစီးပွားအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်မှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ ငါးနှစ်ပြည့်မြောက်ပြီဖြစ်သည်။







