၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံနေရသည့် အမှုပေါင်း ၂၀၉ မှု ဖြစ်ပွားခဲ့သည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ယမန်နေ့ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
WLB ၏ “၂၀၂၅ ခုနှစ်ကို လည်ပြန်ကြည့်ခြင်း” အစီရင်ခံစာတွင် လက်ရှိ ပိုမိုဆိုးရွားလာနေသည့် လက် နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားချင်း စာနာထောက်ထားမှုများက အမျိုးသမီးများ အပေါ် သက်ရောက်နေသည့် အခြေအနေများကို မီးမောင်းထိုး ဖော်ပြထားသည်။
အစီရင်ခံစာအရ အဆိုပါ အကြမ်းဖက်ခံရမှုများထဲတွင် အိမ်တွင်းအကြမ်းဖက်ခံရမှု အများဆုံးဖြစ်ကာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စော်ကားနှောင့်ယှက်မှု၊ လူကုန်ကူးမှု၊ အတင်းအဓမ္မ လက်ထပ်ထိမ်းမြှားမှုနှင့် Cyber Bully မှုတို့ ပါဝင်သည်။
“အမှုပေါင်း ၂၀၉ မှုမှာ အဓိက အဖြစ်များတဲ့ နေရာတွေကတော့ ပဲခူး၊ စစ်ကိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးတွေ ဖြစ်ပြီးတော့ ပြည်နယ်တွေမှာတော့ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း ဒေသတွေမှာ ဖြစ်တယ်။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခ အဖြစ်များတဲ့ ဒေသတွေမှာ အဖြစ်များတာကို တွေ့ရှိရတယ်” ဟု WLB အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖိုးဒါးက ကေအိုင်စီသို့ ပြောသည်။
စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်တာ ကာလအတွင်း ပဋိပက္ခဖြစ်ပွားသည့် ဒေသများ၌ အာဏာသိမ်း စစ်အုပ်မှ စစ်ရှောင်နေရသည့် ပြည်သူလူထုများကို ပစ်မှတ်ထားနေသဖြင့် တစ်နှစ်ထက် တစ်နှစ် စစ်ရှောင်များ ပိုမိုများလာသည့်အပြင် ပြည်သူများ၏ ဘဝလုံခြုံရေး မရှိတော့သည့် အခြေအနေကြားတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုလည်း များပြားလာသည်ဟု လည်း ဖိုးဒါးက ဖြည့်စွက်ပြောဆိုသည်။
ပြည်တွင်း နေရပ်စွန့်ခွာရသူများ (IDPs)၊ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု) တွင် ပါဝင်ခဲ့သူများ၊ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ (WHRDs)၊ လိင်နှင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှု (SGBV) နှင့် ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်လာသူများအား WLB မှ ကူညီပံ့ပိုးမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတကာ အကူအညီများ ဖြတ်တောက်ခံရမှုများကြောင့် စစ်ရှောင်နေရသည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကန့်အသတ်များရှိလာနေကြောင်းလည်း WLB က ဆိုသည်။
ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့် စစ်အုပ်၏ အတုယောင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ငြင်းပယ်ရန်၊ နိုင်ငံတကာ တရားမျှတမှု ဖော်ဆောင်ရေးမှတဆင့် တာဝန်ခံမှုကို ဖော်ဆောင်ရန်၊ လက်နက်ရောင်းချပေးမှုများကို ရပ်တန့်ရန်နှင့် အမျိုးသမီး လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများကို ကာကွယ်ပေးရန်၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အကြမ်း ဖက်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးကို WLB က အစီရင်ခံစာတွင် တောင်းဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း မြန်မာနိုင်ငံတွင် ၄ နှစ်တာ ကာလ ပဋိပက္ခအတွင်း စစ်ကောင်စီက ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၉၆၃ မှု ရှိခဲ့သည်ဟု WLB က ပြုစုထားသော စာရင်းအချက်အလက်များတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်း၍တရားမျှတသည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေး၊ အမျိုးသမီးများ အဆင့်အတန်း မြှင့်တင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စသည့်လုပ်ငန်းများကို အဓိကထားလုပ်ဆောင်နေသည့် WLB အဖွဲ့ကို တိုင်းရင်းသားဒေသရှိ အမျိုးသမီးများစုပေါင်း၍ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင်စတင်တည် ထောင်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။







