မွန်ဒေသတွင် မူးယစ်ဆေးဝါးများကို တရားဝင်သဖွယ် ရောင်းချခွင့်ပြုထားဟုဆို

မွန်ဒေသတွင် မူးယစ်ဆေးဝါးများကို တရားဝင်သဖွယ် ရောင်းချခွင့်ပြုထားဟုဆို

မူးယစ်ဆေးဝါးအမျိုးမျိုး ရောင်းဝယ်သုံးစွဲမှု ကျယ်ပြန့်လာနေသည့် စစ်ကော်မရှင်ထိန်းချုပ်ရာ မွန်ပြည်နယ် မြို့ပေါ်နေရာများအပါအဝင် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာဒေသများတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအား အရေးယူမှုလုပ်ဆောင်သော်လည်း ရောင်းဝယ်သူများကို တရားဝင်သဖွယ် ရောင်းချခွင့်ပြုထားသည့် အခြေအနေတွင်ရှိနေဟု မူးယစ်ဆေးဝါးအရေးဆောင်ရွက်နေသူများမှ သိရသည်။

ဒေသတွင်း အုပ်ချုပ်ရေးတာဝန်ရှိသူများကို အပေးအယူတစ်စုံတစ်ရာလုပ်ဆောင်၍ ရောင်းဝယ်ခွင့်ရထားသူများသည် လက်ရှိတွင် ဂိုဏ်းသဖွယ် လှုပ်ရှားလာကြပြီး ကျောင်းသားလူငယ်များကိုလည်း မက်လုံးပေးပြီး မူးယစ်ဆေးဝါးဈေးကွက် ချဲ့ထွင်လာနေကြောင်း သိရသည်။

စစ်ကော်မရှင်အဖွဲ့နှင့်နီးစပ်သူများက အမြတ်ငွေ၏ ရာခိုင်နှုန်းအလိုက်ပေးဆောင်၍လည်းကောင်း၊ ဒေသအတွင်းအုပ်ချုပ်သည့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူများက ဆန်၊ စားသောက်ကုန်အပြင် အခြားလိုအပ်အပ်သည့် အသုံးဆောင်ပစ္စည်းများပေးဆောင်၍လည်းကောင်း ရောင်းဝယ်ခွင့် ရရှိထားကြောင်း မွန်ပြည်သစ်ဒေသအတွင်း နေထိုင်သူတစ်ဦးကဆိုသည်။

“ တရားဝင်ရောင်းနေရသလိုပဲ ရောင်းနေကြတာ။ ဘာမှ‌မကြောက်ထိဘူး၊ တာဝန်ရှိတဲ့သူတွေအကုန်လုံးက သုံးစွဲတဲ့သူကိုပဲဖမ်းတာလေ။ ရောင်းတဲ့သူတွေကိုကျတော့ တစ်ယောက်မှ အရေးမယူပေးဘူး၊ သူတို့အခွန်ပေးနေတော့ မဖမ်းဘူးပေါ့၊ ပိုက်ဆံပေးမယ်၊ ဆန်တွေပေးမယ်၊ တစ်ဖက်လက်နက်ကိုင်အဖွဲ့က လိုအပ်တဲ့ အသုံး‌အဆောင်ပစ္စည်းတွေလည်းပေးတယ်။ စစ်တပ်တစ်ခုတည်းမဟုတ်ဘူး။ မွန်တပ်တွေမှာလည်း အဲလိုဖြစ်နေတာ။ လူတိုင်းက သိနေကြတာပဲ” ဟု မွန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများကို KTV၊ ဘားနှင့် လောင်းကစားဝိုင်းများအပြင် လူမြင်ကွင်း ဈေးဆိုင်၊ ဈေးတန်းများတွင်ပါ ဝယ်ယူရရှိလာနေသည်။

စစ်အာဏာမသိမ်းမီက ငွေကျပ် ၅၀၀၀ တန်ဈေးရှိသည့် WY ဆေးတစ်ပြားသည် ယခုတွင် ၂၀၀၀ ကျပ်ဝန်းကျင်သာ ဈေးရှိနေသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူများတွင် အမျိုးသမီးများလည်းပါဝင်ပြီး အိုးပိုင်အိမ်ပိုင်မရှိသည့်ဘဝမှ မျက်စိတစ်မှိတ်အတွင်း ကြီးပွားချမ်းသာနေကြောင်းလည်း အထက်ပါ ဒေသခံက ဆိုသည်။

ဝယ်ယူရရှိမှုလွယ်ကူခြင်းကြောင့် ICE နှင့် WY အပြင် မူးယစ်ဆေးဝါးအမျိုးမျိုးကို အသက်အန္တရာယ်ထိခိုက်သည်အထိ သုံးစွဲလာသည့်အပြင် အသက်မပြည့်သည့် ကျောင်းသားလူငယ်များလည်း သုံးစွဲမှု မြင့်တက်လာနေသဖြင့် စိုးရိမ်စရာအခြေအနေဖြစ်လာနေကြောင်း မွန်မူးယစ်ဆေးဝါးမူဝါဒရေးဆွဲရေးအဖွဲ့မှ IMNA နှင့် ဆက်သွယ်မေးမြန်းချက်တွင် ပြောဆိုထားသည်။

“မူးယစ်ဆေးဝါးထိန်းသိမ်းရေးစခန်းမှာ ကျနော်တို့တွေ့ခဲ့ရသည့်လူတွေကို class အလိုက်ပြန်ခွဲကြည့်မယ်ဆိုရင် ပညာတတ်ဘွဲ့ရ၊ အင်ဂျင်နီယာကျောင်းဆင်းထားတဲ့သူတွေ၊ ၊ ကျောင်းနေအရွယ်လူငယ်တွေ၊ နိုင်ငံခြားမှာအလုပ်လုပ်ဖူးတဲ့လူတွေ၊ နယ်ပယ်အစုံပေါ့နော်။ ပြီးတော့ အခြေနေပြန်ကောင်းမွန်လာပြီးတော့ ဒီထိန်းသိမ်းရေးစခန်းကနေ ပြန်သွားတဲ့သူတွေကလည်း နောက်တစ်ဖန် ပြန်လာအပ်တဲ့သူတွေလည်းရှိတယ်။ ဆိုတော့ ကျနော်တို့ မွန်ပတ်ဝန်းကျင်ကလူငယ်တွေ မူးယစ်ဆေးဝါးနွံထဲမှာ အခုလိုနစ်မြုပ်နေကြတယ်။ သုံးစွဲနေတာက လူငယ်တစ်စုတည်းတော့မဟုတ်ဘူး အရွယ်စုံ ကျားရော မရောပါပဲ။ ဒါတွေကို ဘယ်လိုမျိုးနဲ့ ဖြေရှင်းရမလဲဆိုတာကို အဖြေရှာသင့်ပြီး ကျနော်မြင်တယ်။ ” ဟု အဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်သူများ ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြဿနာကို ရွေးကောက်ပွဲအနိုင်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီအနေဖြင့် လာမည့်စစ်ကော်မရှင် လွှတ်တော်တွင် ရင်ဆိုင်ဖြေရှင်းသွားရန်ရှိကြောင်းလည်း မွန်ညီညွတ်ရေးပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပြည်သူလုထုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ပြဿနာတွေကို ဥပ‌ဒေနဲ့ ကာကွယ်တားဆီးနိုင်ဖို့က မွန်ညီညွတ်ရေးပါတီအနေနဲ့ ပြည်သူတွေကို ကတိကဝတ်ပြုထားတာရှိတယ်၊ မူးယစ်ဆေးဝါးပြဿနာလည်းပါ‌တယ်နော်။ အရင်ဦးဆုံး ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့က လွှတ်တော်အဆင့်ဆင့်မှာ ဥပဒေတွေပြင်ဆင်ဖို့လိုတယ်” မွန်ညီညွတ်ရေးပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ညီညွတ်ရေးပါတီ၏ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ အပိုဒ် (၁၁)တွင် မူးယစ်ဆေးဝါး အသိပညာပေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူများ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

သို့သော် လက်ရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို စစ်ကော်မရှင်အပါအဝင် ဒေသတွင်းအာဏာပိုင်များက အားပေးမှုလုပ်ဆောင်နေသဖြင့် မည်သည့်အဖွဲ့အစည်းမှ အယုံအကြည်မရှိကြောင်းလည်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း ရေးမြို့နယ်၊ ကဗျာကြီးကျေးရွာနေ ဒေသခံလူငယ်တစ်ဦးထံ မူးယစ်ဆေးဝါးအချို့တွေ့ရှိသဖြင့် မွန်ပြည်သစ်ပါတီ(PC)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက်သေဆုံးသည်အထိ ရိုက်နှက်စစ်ဆေးမှု လုပ်ဆောင်ခဲ့သော်လည်း လူငယ်မှတစ်ဆင့် ရောင်းဝယ်ရေးလုပ်ဆောင်နေသူများကို ဖော်ထုတ်ဖမ်းဆီးခြင်းမရှိခဲ့ပေ။

Most read this week

KNU သထုံခရိုင်မှ စစ်ဘေးရှောင်များ(ယခင်ပုံဟောင်း)
January 29, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်တွင်  ရွေးကောက်ပွဲကာလအတွင်း...
January 28, 2026
မွန်ညီညွတ်ရေးပါတီ ( MUP)ကို ကိုယ်စားပြု၍ ကရင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်...
ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...