စစ်တပ်ဖိအားကြောင့် KNA တပ်ဖွဲ့ဝင်တချို့ မြဝတီမြို့က စတင်ထွက်ခွာ

စစ်တပ်ဖိအားကြောင့် KNA တပ်ဖွဲ့ဝင်တချို့ မြဝတီမြို့က စတင်ထွက်ခွာ

အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ ဖိအားကြောင့် ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တချို့ဟာ ဇန်နဝါရီ၂၇ ရက် မနက်ပိုင်းကစလို့ ကရင်ပြည်နယ် မြဝတီမြို့ကနေ စတင်ထွက်ခွာနေပြီလို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNA တပ်ဖွဲ့အနေနဲ့ ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထားပြီး မြဝတီမြို့ကနေ ထွက်ခွာသွားကြဖို့ စစ်ကော်မရှင်တပ်က ညွှန်ကြားထုတ်ပြန်ခဲ့ပေမယ့် KNA တပ်ဟာ ဇန်နဝါရီ ၂၆ ရက်နေ့အထိ မထွက်ခွာဘဲ မြို့ထဲမှာ ဆက်ရှိနေခဲ့တာပါ။

ဇန်နဝါရီ ၂၇ မနက်ပိုင်းကစလို့ မြဝတီမြို့ထဲက နေရာ ၃ နေရာမှာ တပ်စွဲထားတဲ့ KNA တပ်ဖွဲ့ဝင်တွေ ထွက်ခွာသွားခဲ့တဲ့အတွက် စစ်ကော်မရှင်တပ်က ဝင်ရောက်တပ်စွဲနေရာယူလိုက်တယ်လို့ သိရပါတယ်။

ဒါပေမယ့် မြဝတီမြို့ရဲ့ တချို့နေရာတွေမှာတော့ KNA ဘက်တံဆိပ်တွေဖြုတ်ကာ နေထိုင်တာတွေ ဆက်ရှိနေပြီး ဘက်တံဆိပ်မဖြုတ်ဘဲ နေထိုင်တဲ့ KNA တပ်တွေရှိနေတယ်လို့ မြဝတီဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် KNA ပြောင်းတဲ့အထဲမှာ လိုက်ပါမပြောင်းသွားဘဲ စစ်ကော်မရှင်တပ်နဲ့ လက်တွဲပူးပေါင်းနေတဲ့ BGF တပ်နယ် ၄ တပ်မှူး ဗိုလ်မှူးချုပ်စောမုတ်သုန်ကွပ်ကဲတဲ့ BGF တပ်တွေလည်း ကျန်ရှိနေသေးပြီး အဲဒီတပ်တွေဟာ မြဝတီမြို့လုံခြုံရေးကို စစ်ကော်မရှင်တပ်နဲ့အတူ ယူထားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့ပေါ်က ခလရ ၂၇၅ တပ်ရင်းတိုက်ခိုက်ခံရမှာကို စိုးရိမ်ကြောက်လန့်နေတဲ့အတွက် ခလရ ၂၇၅ တပ် တိုက်ခိုက်မခံရရေးအတွက် NCA လက်မှတ်ထိုးထားတဲ့ ကရင်လက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ DKBA နဲ့ KNU KNLA PC ကို ဖိအားပေးပြီး မြို့လုံခြုံရေးကိစ္စရပ်တွေမှာ ပူးပေါင်းပါဝင်ပေးဖို့ ညွှန်ကြားထားပါတယ်။

တကယ်လို့ ခလရ ၂၇၅ တပ်ရင်း တိုက်ခိုက်ခံရပါက မြဝတီမြို့က နေရာ ၁၈ နေရာကို ဗုံးကြဲတိုက် ခိုက်ပြီး လက်တုံ့ပြန်သွားမယ်လို့လည်း စစ်ကော်မရှင်တပ်က တပ်မ ၂၂ တပ်မမှူးဖြစ်သူက သတိ ပေးထားပါတယ်။

BGF ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်စောချစ်သူနဲ့ ဗိုလ်မှူးချုပ်စောတင်ဝင်တို့ ဦးဆောင်တဲ့ တပ်နယ် ၂ တပ်နယ် ၃ က တပ်ဖွဲ့တွေဟာ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ကရင်အမျိုးသားတပ်မတော် KNA ကို ပြောင်းလဲဖွဲ့စည်းခဲ့ကာ တပ်နယ် ၁ နဲ့ တပ်နယ် ၄ တပ်ဖွဲ့တွေကတော့ KNA အဖြစ် မပြောင်းဘူးလို့ သိရပါတယ်။

KNA အဖြစ် ပြောင်းလဲဖွဲ့စည်းသွားတဲ့အပေါ် စစ်ကော်မရှင်တပ်က မလိုလားတာကြောင့် KNA တပ်စွဲနေရာနေရာတချို့ကို စစ်ကော်မရှင်တပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေခဲ့ပြီး နယ်စပ်ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ KNA ရဲ့ ဂိတ်တချို့ကိုလည်း ပိတ်သိမ်းခိုင်းဖို့ စစ်ကော်မရှင်တပ်က ဖိအားပေးလုပ်ဆောင်နေပါတယ်။

Most read this week

March 30, 2026
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်သွားမယ်လို့...
ဓာတ်ပုံ-CJ
March 28, 2026
စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုကြောင့်...
March 27, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း...
ဓာတ်ပုံ-MOI
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတလုပ်မယ်ဆိုရင် သူ့အတွက်...