ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

အာဏာသိမ်းစစ်ကော်မရှင်က အပိုင်း ၃ ပိုင်းဖြင့် ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ချင်းပြည်နယ်လွှတ် တော်ရုံးအား လာမည့်မတ်လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ဟားခါးမြို့ရှိ လွှတ်တော်အဆောက်အအုံတွင် ကြိုတင်ပြင် ဆင်မှုများ စတင်လုပ်ဆောင်နေပြီဟု သိရသည်။

ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက စစ်ကော်မရှင်ခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်အဖွဲ့သည် ဟားခါး မြို့ရှိ ပြည်နယ်လွှတ်တော်ရုံးသို့ သွားရောက်ခဲ့ပြီး လွှတ်တော်အစည်းအဝေးခန်းမ၊ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌရုံးခန်းများအပြင် လွှတ်တော်ပိုင်မန်းထားရိပ်သာ၏ အဆင်သင့်ဖြစ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု စစ်ကော်မရှင် လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ လွှတ်တော်ရုံး ပြင်ဆင်မှုများနှင့် ပတ်သက်၍ ဟားခါးမြို့ဒေသခံ အမျိုးသားတစ်ဦးက “ပြင်ဆင်မှုတွေ ဘာလို့ လုပ်တာလဲဆိုတော့ ဒီမတိုင်ခင်ကဆို တခြားဌာနက အထက်အရာရှိတွေ အဲဒီလွှတ်တော်ရုံးမှာ ရုံးတက်တယ်၊ နေခဲ့တယ် ပေါ့နော်။ အခုကျတော့ သူတို့ရွေးကောက်ပွဲက အနိုင်ရလို့ အသစ်ခန့်မယ့်ဝန်ကြီးတွေ/အမတ်တွေ ရုံးတက်ရတော့မှာမို့လို့ ပြန်ပြီးဖွင့်လှစ်ဖို့ ပြင်ဆင်တဲ့သဘောပါ” ဟု ပြောသည်။

ယခင်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်ဆက်)ကဲ့သို့သော အချို့ဌာနဆိုင်ရာမှ အထက်အရာရှိများသည် ၎င်းတို့လုံခြုံရေးအကာအကွယ်ယူရန်အတွက် လွှတ်တော်ရုံးအတွင်း နေထိုင်ခြင်း၊ ရုံးတက်ခဲ့ခြင်းများ ရှိခဲ့သည်ဟုသိရသည်။

ကညနရုံးကဲ့သို့သော အချို့ရုံးမျာတွင်မူ စစ်ကော်မရှင်တပ်သားများက နေရာယူတပ်စွဲထားမှုကြောင့် ဝန်ထမ်း များသည် ခရိုင်စုပေါင်းရုံးတွင် ပြောင်းရွှေ့ရုံးတက်နေရခြင်းများလည်း ရှိသည်။

ချင်းပြည်နယ်တွင် စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က ဟားခါးနှင့် တီးတိန်မြို့နယ်တို့တွင်သာ ရွေးကောက်ပွဲ အပိုင်း (၁) ကိုကျင်းပနိုင်ခဲ့ပြီး၊ ပြည်သူ့လွှတ်တော်အတွက် ၂ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၈ ဦး နှင့် ချင်းပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၁ ဦး ရွေးချယ်ခဲ့ကြ သည်။

ချင်းပြည်နယ်လွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၆ ဦး၊ ဇိုမီးအမျိုးသားပါတီမှ ၄ ဦးနှင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ၁ ဦးတို့ ပါဝင်သည်။ ထို့အပြင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းလည်းပါဝင်လာဦးမည် ဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူကာ အနိုင်ရပါတီကို အာဏာ လွှဲပြောင်းပေးမည်ဟု ပြောကြားထားသဖြင့် ယခုပြင်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်း ဟု သိရသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသော်လည်း စစ်ကော်မရှင်သည် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ပေါ်ဒေသအချို့၌ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ကာ အရပ်သားအစိုးရပုံစံသို့ ကူးပြောင်းရန် ကြိုးပမ်း နေခြင်း ဖြစ်သည်။

တစ်ဘက်တွင်လည်း ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ ပြင်းထန်သော ဆန့်ကျင်မှုနှင့် နယ်မြေလုံခြုံရေး အခြေအနေများလည်း ရှိနေသည်။

ထို့အပြင် လာမည့် ဖေဖော်ဝါရီလတွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားများကို ဟားခါးခရိုင်စုပေါင်းရုံးဝန်းတွင် ကျင်းပမည်ဟု သိရသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း ဟားခါးမြို့ပေါ်တွင် ရဟတ်ယာဉ် အကြိမ်ကြိမ် ဆင်းသက်လာမှုများလည်း ရှိခဲ့သည်။

ဒေသခံတစ်ဦးက “ဒီရက်ပိုင်း ခဏခဏ ဆင်းလာတယ်။ ကြားရတာကတော့ အရင်တစ်ခေါက် တော်လှန်ရေးတပ်တွေက သွားပစ်ခတ်တုန်းက ငွေကြေးတော်တော်များများဆုံးရှုံးတယ်၊ လောင်သွားတယ်လို့ ကြားသိရတယ်။ အဲဒါကြောင့် အခုလကုန်ပိုင်းလည်းရောက်ပြီဆိုတော့ သူတို့ငွေကြေးလာပို့တယ်လို့ ကြားသိရပါတယ်” ဟု ပြောသည်။

January 27, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်များသည်...
January 26, 2026
၂၀၂၆ အတွက် အာဆီယံအလှည့်ကျ ဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင်...
January 24, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အိမ်ထောင်ဦးစီးဖြစ်သူက ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူကို သေနတ်ဖြင့်...
January 23, 2026
တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသား လူမျိုးစု အားလုံးအတွက်...