ကျေးရွာအများစု ချန်လှပ်ခံရသည့် ရွေးကောက်ပွဲ ကိုယ်စားပြုမှုမရှိဟု ရှမ်းမြောက်ဒေသခံများ ပြော

ကျေးရွာအများစု ချန်လှပ်ခံရသည့် ရွေးကောက်ပွဲ ကိုယ်စားပြုမှုမရှိဟု ရှမ်းမြောက်ဒေသခံများ ပြော

ကျေးရွာအများစု ချန်လှပ်ခံရသည့် ရှမ်းမြောက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် ကိုယ်စားပြုမှုမရှိဟု ဒေသခံများနှင့် ကိုယ်စားလှယ်လောင်းများက ပြောသည်။

စစ်ကောင်မရှင်၏ အပိုင်း (၃) ရွေးကောက်ပွဲကို ရှမ်းပြည် မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်များတွင် ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပခဲ့ကြသည်။

သို့သော် ကျောက်မဲမြို့နယ်ရှိ ကျေးရွာအုပ်စုအများစုမှာ ရွေးကောက်ပွဲ တွင် ပါဝင်ခွင့်မရဘဲ ချန်လှပ်ခံထားရ သည့်အတွက် ကိုယ်စားပြုမှုမရှိသလို တရားမျှတမှုလည်း ကင်းမဲ့နေကြောင်း ကိုယ်စားလှယ်လောင်းများနှင့် ဒေသခံများက ဝေဖန်လိုက်သည်။

ကျောက်မဲမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၈၁ အုပ်စု ရှိသည့်အနက် မြို့ပေါ်ရပ်ကွက် ၉ ခုနှင့် ကျေးရွာအုပ်စု ၅ အုပ်စု (စုစုပေါင်း၏ ၆ ရာခိုင်နှုန်းခန့်) တွင်သာ စစ်ကော်မရှင်က မဲရုံ ၂၅ ရုံဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ရှမ်းတိုင်းရင်းသားအများစု နေထိုင်ရာ ကျေးရွာများမှာ ရွေးကောက်ပွဲကျင်းပသည့် နယ်မြေအတွင်း မပါဝင်ခဲ့ပေ။

ယင်းအခြေအနေနှင့် ပတ်သက်၍ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် နီးစပ်သူတစ်ဦးက “အခုကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ ရွာတွေ မပါဝင်ဘူးပေါ့ဗျာ။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ဒေသခံတွေကို ကိုယ်စားပြုမှုမရှိသလို တရားမျှတမှုလည်း မရှိပါဘူး" ဟု သုံးသပ် ပြောဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ထိန်းချုပ်မှုအောက် ရောက်ရှိခဲ့သည့် ကျောက်မဲမြို့ကို စစ်တပ်က ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်သိမ်းယူခဲ့သော်လည်း မြေပြင်စိုးမိုးမှုမှာ မြို့ပေါ်အနီးတဝိုက်တွင်သာ ရှိနေသည်။

တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေရသူများမှာလည်း နေရပ်သို့ ပြန်မလာနိုင်သေးဘဲ ကျန်ရှိနေသည့် ဒေသခံများမှာလည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ကင်းမဲ့နေသည်ဟု ဆိုကြသည်။

ကျောက်မဲမြို့ခံတစ်ဦးက “မြို့ထဲမှာ မဲလာပေးတဲ့သူက လက်ချိုးရေလို့ရတယ်။ မဲရုံပိတ်ခါနီးတဲ့အထိ တစ် ယောက်စ နှစ်ယောက်စပဲ လာကြတာ။ စစ်တပ်ကတော့ မဲပေးသူ ၅ သောင်းကျော်ရှိတယ်လို့ ထုတ်ပြန် ထားပေမဲ့ လက်တွေ့မှာတော့ မဲရုံတွေက ခြောက်ကပ်နေတာပါ။ လူတွေက မဲပေးဖို့ထက် လုံခြုံရေးအတွက်ပဲ စိုးရိမ်နေကြတာ” ဟု ပြောသည်။

သီပေါမြို့နယ်တွင်လည်း မဲရုံ ၄၁ ရုံဖွင့်လှစ်ကာ မဲပေးပိုင်ခွင့်ရှိသူ ၆ သောင်းကျော်ရှိသည်ဟု ဆိုသော်လည်း လက်တွေ့တွင် မဲပေးသူ မရှိသလောက် နည်းပါးခဲ့ကြောင်း မြို့ခံများက အတည်ပြုသည်။

ကျောက်မဲမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်နေရာများတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က နေရာအများစုတွင် ပြိုင်ဘက်မရှိ အလိုအလျောက် အနိုင်ရထားပြီး ဖြစ်သည်။

ပြည်သူ့လွှတ်တော်နေရာတွင် USDP နှင့် SNDP (ကျားဖြူ) ပါတီတို့သာ ယှဉ်ပြိုင်ပြီး ပြည်နယ်လွှတ်တော်နေရာ တွင်မူ USDP တစ်ပါတီတည်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

June 20, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် နယ်စပ်ဝန်ကြီးချုပ်နှစ်ဦးနှင့် ထိပ်သီး...
June 19, 2026
စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို တင်ပြဆွေးနွေးရန်အပါအဝင် လက်ရှိ စစ်ရေး...
June 18, 2026
ကြားကာလ ဖက်ဒရယ်ပညာရေး စနစ်တွင် တိုင်းရင်းသား ကလေးငယ်များအတွက် မိခင်ဘာသာစကား အခြေ ပြု...
ဓါတ်ပုံ - ရွှေကူစစ်ရှောင်များ
June 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်းသို့ စစ်မျက်နှာခွဲ၍ ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကြောင်းသည် ကျေးရွာ...