မင်းပြား တိုင်းဗဟို(၉)နှင့် ပုဏ္ဏားကျွန်းကို ညဉ့်အချိန် တပြိုင်တည်း ဗုံးလာကြဲ

မင်းပြား တိုင်းဗဟို(၉)နှင့် ပုဏ္ဏားကျွန်းကို ညဉ့်အချိန် တပြိုင်တည်း ဗုံးလာကြဲ

ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ တိုင်းဗဟို(၉)နှင့် ပု‌ဏ္ဏားကျွန်းမြို့နယ်ရှိ ပက်ခွက်ဆိပ်ရွာအနီးတို့ကို စစ်ကော်မရှင်လေတပ်က ယနေ့ ညဉ့်အချိန်က တပြိုင်တည်း ဗုံးလာကြဲခဲ့သည်ဟု သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၇ ရက်၊ ညဉ့်သန်းခေါင် ၁ နာရီ မိနစ် ၂၀ ခန့်မှ ၁ နာရီ ၃၉ မိနစ်ကြားတွင် စစ်ကော်မရှင်လေတပ်၏ ဂျက်ဖိုက်တာအချို့က တပြိုင်တည်း ဗုံးလာကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မင်းပြားဒေသခံတစ်ဦးက “တိုင်းဗဟို(၉)ကို လာချတဲ့အခါ လေယာဉ်လေးငါးစင်းတောင် ပါတယ်လို့ ကြားတယ်။ အထိအခိုက်ရှိ/မရှိတော့ မသိရသေးဘူး”ဟု ပြောသည်။

စစ်ကော်မရှင်တပ်၏ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းသည် မင်းပြားမြို့နယ်၊ ကမ်းနီးရွာအနီးတွင်တည်ရှိသည်ဟု သိရသည်။

တိုင်းဗဟို(၉)ကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက် နေ့လယ် ၁ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ကျေးရွာအနီးရှိ တောင်ကုန်းကိုလည်း ဗုံးလေးလုံးကြဲချခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်အတွင်း လူအထိအခိုက်မရှိခဲ့သော်လည်း အများပြည်သူ အိပ်ပျော်နေကြချိန် ‌စစ်‌ကော်မရှင်က ယခုကဲ့သို့ လေကြောင်းလာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနီးအနားကျေးရွာများမှ ဒေသခံများအနေဖြင့် အလွန်တရာစိုးရိမ်ကြောက်လန့်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက "ဗုံးလာကြဲတာ အနီးလေးဆိုတော့ လန့်သွားတာပေါ့။ ညအိပ်ပျော်နေချိန်ဆိုတော့ အရမ်းကြောက်သွားတယ်။ ဒီမှာ‌လည်း မနေရဲတော့ဘူး"ဟု နိရဉ္စရာသို့ ပြောသည်။

ဗုံးကြဲချခဲ့သည့်နေရာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ‌ဒေသခံအမျိုးသားတစ်ဦးကလည်း ကျေးရွာအနီး တောင်ကုန်းပေါ်တွင် ဗုံးကျကွဲသည့် နေရာများကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

ထိုနေရာမှာ လူသူမရှိသည့်နေရာဖြစ်ပြီး မည်သည့်အတွက် လာရောက်ကြဲချခဲ့သည်ကို မသိရကြောင်း ၎င်းက ပြောသည်။

"ည ၁ နာရီ ၂၀ လောက်က လာကြဲသွားတာ လေးလုံး။ လူတွေထိခိုက်တာတော့ မရှိဘူး။ ရွာအနီးက တောင်ကုန်းမှာ ကျကွဲသွားတာ"ဟု ပြောသည်။

ဇန်နဝါရီလ ၂ဝ ရက်၊ ည ၇ နာရီခွဲခန့်တွင်လည်း ကျောက်တော်မြို့နယ်က ချောင်းတူကျေးရွာအနီးရှိ AA ၏ စစ်သုံ့ပန်းများထားရှိရာနေရာကို စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးနှစ်လုံးလာရောက်ကြဲချခဲ့သည့်အတွက် လသားအရွယ် ကလေးငယ်များအပါအဝင် စစ်သုံ့ပန်းမိသားစုဝင် ၂၁ ဦးသေဆုံးခဲ့ပြီး ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကော်မရှင်သည် ၎င်းလက်လွှတ်ဆုံးရှုံးလိုက်ရသည့် ရခိုင်မြောက်ပိုင်းက မြို့နယ်များဖြစ်သည့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်များရှိ စစ်ရေးပစ်မှတ်မဟုတ်သော အများပြည်သူနေထိုင်ရာ မြို့ရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှု မကြာခဏ ပြုလုပ်လေ့ရှိနေသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...