ဖလမ်းမြို့မှ ၁၃ မိုင်အကွာတွင် စစ်ကော်မရှင်တပ် အခိုင်အမာခြေကုပ်ယူ၍ စစ်ပြင်ဆင်နေ

ဖလမ်းမြို့မှ ၁၃ မိုင်အကွာတွင် စစ်ကော်မရှင်တပ် အခိုင်အမာခြေကုပ်ယူ၍ စစ်ပြင်ဆင်နေ

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်များသည် အထိနာနေပြီး ကလေးမြို့မှ တစ်ဆင့် စစ်အင်အားများ ထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်ခန့်အကွာမှာ အခိုင်အမာခြေကုပ်ယူ၍ စစ်ပြင်ဆင်နေကြောင်း သိရသည်။

ဖလမ်းမြို့သို့ သိုင်းငင်း- ဖလမ်း နှင့် ဝေဘူလ - ဖလမ်းလမ်းကြောင်းတို့မှတဆင့် စစ်အင်အား ၈၀၀ - ၁၀၀၀ ကြား အသုံးပြုပြီး လေကြောင်း ပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်နေသော စစ်ကော်မရှင်တပ်သည် သုံးလနီးပါးအကြာတွင် ထိခိုက်ကျဆုံးမှု များပြားခြင်း၊ စစ်သုံ့ပန်းဖြစ်ခြင်း၊ ထွက်ပြေးခြင်း၊ အလင်းဝင်ခြင်းတို့ကြောင့် အထိနာမှုများနေရာ ဇန်နဝါရီလ ၂၀ ရက်တွင် စစ်အင်အား ရာချီ ထပ်မံဖြည်းတင်သည်ဟု သိရသည်။

“တိုက်ပွဲက ၃ လပြည့်တော့မယ်။ အဲဒီမှာ သူတို့စတင် တက်ချိန်က အင်အားက ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်ပေါ့နော်။ အဲဒီထဲမှာ အလင်းဝင်တဲ့ လူတွေရယ်၊ ပြေးတဲ့ လူတွေလည်း ရှိတယ်။ ဆိုတော့ တော်တော်များများက ကျနော်တို့ ဖမ်းတာလည်းရှိတယ်။ အလင်းဝင်တာလည်း ရှိတယ်။ သေဆုံးမှုရောဆိုတော့ စစ်ကြောင်းရဲ့ လူတော်တော်များများ ပြုတ်တယ်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် သူတို့ကလည်း ဖလမ်းရဲ့ ၁၃ မိုင်/ ၁၅ မိုင်ပတ်ဝန်းကျင်မှာ အခိုင်အမာ ကတုတ်ကျင်းတွေနဲ့ အခြေပြန်ချတဲ့ အခြေအနေမှာ ရှိတယ်။ တိုက်ပွဲက ဘယ်အချိန်မှာ မဆို၊ ပြင်းထန်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ သူတို့ဘက်ကလည်း မတိုးနိုင်သေးဘူး။ ကျနော်တို့ ဘက်ကလည်း တားဆီးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက‌ ပြောသည်။

ဖလမ်းမြို့အနောက်မြောက်ဘက်ရှိ ၁၃ မိုင်အကွာမှ Khuangli နှင့် Sumhrang ရွာရှိ အနီးတဝိုက်က တောတောင် နေရာများတွင် အခိုင်အမာကတုတ်ကျင်းများ ပြင်ဆင်ပြီး ခြေကုပ်စခန်းများချ၍ စစ်ပြင်ဆင်ထားသည်ဟု သိရသည်။

ဇန်နဝါရီလ ၂၀ ရက်က ကလေး- သိုင်းငင်းမှတစ်ဆင့် ၁၂ ဘီးကား ၅ စီး၊ သံပြားကာကား ၃ စီးတို့ဖြင့် တက်လာသော အင်အား ၂၀၀ မှ ၃၀၀ ကြားရှိသော စစ်ကော်မရှင်စစ်ကြောင်းသည် ဖလမ်းမြို့မှ မိုင် ၄၀ အကွာရှိ ဗာလုံရွာကို ရောက်ရှိနေပြီဟု သိရသည်။

“ကျနော်တို့ ခန့်မှန်းတာက သိုင်းငင်ကနေ တက်လာတဲ့ ခန့်မှန်းစစ်ကြောင်းအင်အားက ၂၀၀ ကနေ ၃၀၀ ကြားလောက် ဖြစ်မယ်။ သူတို့ အင်အားဖြည့်တာလည်း ပါတယ်။ စစ်ကြောင်း ၂ ကြောင်းက ဒဏ်ရာရတဲ့လူလည်း များတယ်။ ရှေ့ကို သိပ်မထိုးနိုင်တဲ့အခါကြတော့ အင်အားဖြည့်တဲ့ ပုံစံနဲ့ဖြစ်နိုင်သလို ဒီဘက်က ထောက်ပို့ပစ္စည်းတွေ တခါတည်း ပို့တာလည်း ဖြစ်နိုင်ပါတယ်။ ထိတွေ့မှုကတော့ မရှိသေးဘူး။ ဒါပေမယ့် အကောင်းဆုံး တားနိုင်ဖို့ ကြိုးစားနေကြပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။

၂၀၂၅ နိုဝင်ဘာလဆန်းမှ စတင်၍ သိုင်းငင်း- ဖလမ်း နှင့် ဝေဘုလ - ဖလမ်းလမ်းကြောင်းတို့မှ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်း ထိုးလာနေသော စစ်ကော်မရှင်တပ်များနှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။

တိုက်ပွဲ ၃ လနီးပါးတွင် စစ်ကော်မရှင်တပ်သည် Y – 12 နှင့် ဂျက်ဖိုက်တာကို အသုံးပြု၍ လေကြောင်းပစ်ကူ အများအပြား အသုံးပြုခဲ့ရာ လေကြောင်းမှ ဗုံးကြဲချမှု အကြိမ်ရေ ၁၅၀၀ အထက်ပင်ရှိကြောင်း၊ လက်ရှိတိုက်ပွဲတွင် လေကြောင်းပစ်ကူပေးမှုသည် ဖလမ်းမြို့သိမ်းတိုက်ပွဲက လေကြောင်းပစ်ကူပေးမှုထက် ပိုမိုများပြား ပြင်းထန်သည်ဟု သိရသည်။

လက်ရှိ ဖလမ်းတိုက်ပွဲတွင် လေကြောင်းပစ်ကူမှာ ဂျက်ဖိုက်တာထက် Y – 12 ကို ပိုမိုအသုံးပြုနေပြီး Y – 12 ဖြင့် ဗုံးတခါလာချလျှင် ဗုံးအလုံးရေ ၆၀ မှ ၇၀ အထိပင် အသုံးပြုမှု ရှိတတ်သည်ဟု သိရသည်။

စစ်ကော်မရှင်တပ်သည် Y- 12 နှင့် Y – 8 တို့ကို အသုံးပြု၍ လက်နက်ခဲယမ်း နှင့် ရိက္ခာဖြည့်တင်းခြင်းကို နေ့စဉ်နီးပါး ပြုလုပ်သည် ဟု သိရသည်။

စစ်ကော်မရှင်တပ်က ဆုံးရှုံးနယ်မြေများ ပြန်ရရန် အင်အားတစ်ထောင်ဝန်းကျင်ဖြင့် ထိုးစစ်ဆင်နေမှုကို ချင်းပူးပေါင်းတပ်များက ပူးပေါင်းခုခံတွန်းလှန်လျက်ရှိနေသည်။

“ကျနော်တို့ ချင်းကာကွယ်ရေးတပ်ပေါင်းစုကနေလည်း ဒီဟာကို ကောင်းကောင်းလေး ကာကွယ်နိုင်မယ်ဆိုရင် ထူးခြားမှု ရှိမယ်။ မကာကွယ်နိုင်ရင် သူတို့က ဖလမ်းမြို့ကို ပြန်ယူနိုင်မယ့် အခြေအနေ ရှိတယ်။ တကယ်လို့ သူတို့ ဖလမ်းမြို့ကို ပြန်ယူနိုင်တယ်ဆိုရင် တဖက်က နယ်စပ်မြို့ဖြစ်တဲ့ ရိနဲ့ တီအိုတို့ ၊ နောက်တခြားလက်နက်ကိုင်တွေရဲ့ စခန်းတွေပါ အန္တရာယ်ပြုလာနိုင်တဲ့ အခြေအနေမှာ ရှိနေသလို၊ ချင်းပြည်နယ်မြောက်ပိုင်းမှာ ပထမဆုံး သိမ်းပိုက်တဲ့ ဖလမ်းမြို့ကို စကစက ပြန်ယူတယ်ဆိုရင် တော်လှန်ရေးအတွက်လည်း အင်အား ယုတ်စရာ ဖြစ်တယ်။ နောက် တော်လှန်းရေးဘက်က စစ်ဆင်ရေးတွေ လုပ်မယ့် မြို့သိမ်းမယ့်အခန်းကဏ္ဍတွေမှာပါ ဆုံးရှုံးမှု၊ အားကျဆင်းမှုတွေ ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့ အတတ်နိုင်ဆုံးကာကွယ်နိုင်ဖို့ရန် ကြိုးစားနေတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက‌ ပြောသည်။

ဖလမ်းမြို့တိုက်ပွဲများတွင် ချင်းပူးပေါင်းတပ်မှလည်း ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ ကျဆုံးမှုများ ရှိနေသည်ဟု သိရသည်။

ချင်းပူးပေါင်းတပ်သည် ဖလမ်းတိုက်ပွဲများတွင် ခုခံတွန်းလှန်ခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်နေပြီး စစ်ကော်မရှင်တပ်မှ စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများလည်း အများအပြား သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများတွင် ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့များ၊ ချင်းညီနောင်အဖွဲ့ဝင် CNDF တို့ ပူးပေါင်း၍ စစ်ကော်မရှင်တပ်များကို တွန်းလှန်တိုက်ခိုက်နေသည်ဟု သိရသည်။

January 26, 2026
၂၀၂၆ အတွက် အာဆီယံအလှည့်ကျ ဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင်...
January 24, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အိမ်ထောင်ဦးစီးဖြစ်သူက ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူကို သေနတ်ဖြင့်...
January 23, 2026
တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသား လူမျိုးစု အားလုံးအတွက်...
January 22, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇန်မြို့နယ်ကို သိမ်းပိုက်အပြီး ၂ နှစ်နီးပါးအကြာတွင်...