အင်းတော်ကြီးဒေသက ဟဲပါးကျေးရွာကို ရှမ်းနီတပ်ဖွဲ့များ သိမ်းပိုက်

အင်းတော်ကြီးဒေသက ဟဲပါးကျေးရွာကို ရှမ်းနီတပ်ဖွဲ့များ သိမ်းပိုက်

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အရှေ့ကမ်းက ဟဲပါးကျေးရွာမှာ တိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီးတဲ့နောက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ရဲ့ ကျားဖြူစစ်ကြောင်းက ကျေးရွာအတွင်းကို ဝင်ရောက်စိုးမိုးထားပြီဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဇန်နဝါရီ (၂၀)ရက်နေ့ကနေစပြီး (၂၂)ရက်နေ့အထိ ဟဲပါးကျေးရွာအတွင်း KIA+PDF ပူးပေါင်းတပ်ဖွဲ့များနဲ့ ကျားဖြူစစ်ကြောင်း(SNA) တပ်တို့အကြား သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ကျားဖြူစစ်ကြောင်းဘက်မှ တိုက်ပွဲကနေ ပူးပေါင်းတပ်ဖွဲ့များရဲ့ လက်နက်ခဲယမ်းတစ်ချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း SNA ရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

KIA+PDFပူးပေါင်းတပ်ဖွဲ့များက အင်းမြှီးဒေသ ချောင်းဝကျေးရွာဘက်သို့ ဆုတ်ခွာသွားကြပြီး အင်းမြှီးကျေးရွာများရှိ ၎င်းတို့လှုပ်ရှားနေတဲ့ကျေးရွာအချို့တွေမှာ စတားလင့်အင်တာနက်ပိတ်ပင်မှုများပြုလုပ်ထားတယ်လို့ ဆိုကြပါတယ်။

" မနေ့က မနက်အစောကြီး (၁)နာရီလောက်ဖြစ်မယ် တိုက်ပွဲသံတွေတော်တော်ကျယ်တယ်။ ကြားနေရတာ အခုဒီဘက်မှာ သူတို့(KIA+PDF)အဖွဲ့တွေရှုပ်နေကြတာ လူများလာတယ် ခါတိုင်းသုံးလေးယောက်ပဲရုံးမှာရှိကြတာ ခုများနေတယ် သူတို့က မဖွင့်တဲ့စာသင်ကျောင်းတွေမှာ ရုံးထိုင်ကြတာလေ ရွာသစ်ဘက်တွေတော့ စတားလင့်တွေပိတ်ထားတယ် ဒီဘက်ရွာတွေတော့ မပိတ်သေးဘူး "ဟု အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပြပါတယ်။

ယခုတိုက်ပွဲဖြစ်ပွားနေတဲ့ရက်ပိုင်းတွေမှာလည်း ပူးပေါင်းတပ်ဖွဲ့များက မှန်ကင်းကျေးရွာ နဲ့ လယ်တဲတွေရှိ လူငယ်အများအပြားကို စစ်သားစုဆောင်းရေးဆွဲခေါ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကျေးရွာဒေသခံများထံမှ သိရပါတယ်။

ဟဲပါးကျေးရွာက ကျေးရွာဒေသခံအားလုံးနီးပါးဟာ ပြီးခဲ့တဲ့နှစ်ကတည်းက မိုးညှင်းမြို့ပေါ်နဲ့ အနီးကျေးရွာတွေကို စစ်ဘေးတိမ်းရှောင်နေကြပြီး ပြန်လည်ဝင်ရောက်နေထိုင်ခြင်းများ မရှိသေးကြောင်း သိရပါတယ်။

ဟဲပါးကျေးရွာအနီးမှာရှိတဲ့ ဟဲပုကျေးရွာအနီးမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။

ကျားဖြူစစ်ကြောင်းဟာ ၂၀၂၅ ခုနှစ် အတွင်းမှာ အင်းတော်ကြီးဒေသထဲကို ဝင်ရောက်လှုပ်ရှားလာခဲ့တာလည်းဖြစ်ပြီး အင်းအနောက်ကမ်းက မိုင်းနောင် ၊ လုံးတုံကျေးရွာအထိ စိုးမိုးထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

March 6, 2026
မိုဘိုင်းဖုန်းတွေကို CEIR ( Central Equipment Identity Register ) လို့ခေါ်တဲ့...
March 5, 2026
မိုးညှင်းမြို့နယ် ဟိုပင်မြို့၊ မြသာယာရပ်ကွက်မှာ မနေ့ကညပိုင်းအချိန်က ဓားပြတိုက်ခံရပြီး မိသားစု(၅)...
March 4, 2026
အကြမ်းဖက်မှုပုဒ်မတွေနဲ့ လွှတ်ပေးသူ ၇ ထောင်ကျော်အနက် ၂၀၀ ကျော်ခန့်သာစာရင်းရရှိသေးလို့...
March 2, 2026
စစ်ကော်မရှင်အနေနဲ့ ပြည်သူ့စစ်မှုထမ်းတွေကိုခေါ်ဆောင်ရာမှာ ငွေကြေးလာဘ်စားတာတွေ မရှိအောင်...