ယခင်နှစ် လေကြောင်းတိုက်ခိုက်မှုများတွင် ပညာရေးကဏ္ဍမှ ဆရာ/မ ကျောင်းသူ/သား ၉၆ ဦး သေဆုံး

ယခင်နှစ် လေကြောင်းတိုက်ခိုက်မှုများတွင် ပညာရေးကဏ္ဍမှ ဆရာ/မ ကျောင်းသူ/သား ၉၆ ဦး သေဆုံး
ဓါတ်ပုံ - Wai Hun Aung
ဓါတ်ပုံ - Wai Hun Aung

မြန်မာနိုင်ငံတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တစ်နှစ်တာ အတွင်း၌ ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၆ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

သေဆုံးသူများအနက် အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၁ ဦးအထိ ပါဝင်နေပြီး အများစုမှာ စစ်ကော်မရှင် ၏ လေကြောင်း ဗုံးကြဲမှုများကြောင့် စာသင်ခန်းအတွင်း၌ပင် အသက်ပေးခဲ့ကြရခြင်းဖြစ်သည်။

အထူးသဖြင့် စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်တို့မှာ ပညာရေးကဏ္ဍတွင် သေဆုံးမှုအများဆုံးဒေသများ ဖြစ်နေသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင် အထက်တန်းကျောင်း နှစ်ကျောင်း ဗုံးကြဲခံရမှုတွင် ကျောင်းသား ၂၀ ကျော် သေဆုံးခဲ့သည့်ဖြစ်စဉ်မှာ ရင်နင့်ဖွယ်ရာအခြေအနေတစ်ခု ဖြစ်ခဲ့သည်။

ဒေသခံတစ်ဦးက “တိုက်ပွဲလည်း မဖြစ်ပါဘူး။ အခုဖြစ်သွားတဲ့နေရာက ကျောင်းသားတွေ နေတဲ့ နေရာပါ။ ဒီလို နေရကို ဗုံးကြဲတာက လူမဆန်တဲ့ လုပ်ရပ်လို့ပဲ ပြောရမှာပေါ့ဗျာ။ ကျောင်း တာဝန်ရှိသူ ပြောပြချက်အရ ဆိုရင် ကလေးတွေက အိပ်ခါစပဲ ရှိသေးတယ်။ ကျောင်းသားတွေ စာကျက်ပြီး အိပ်ခါစလေးမှာ ဖြစ်သွားတာ တဲ့။ လေယာဉ်သံတော့ ကြားလိုက်တယ် ပြေးချိန် မရလိုက်ဘူးတဲ့” ဟု NMG က ဆက်သွယ်မေးမြန်းချိန် ပြောဆိုခဲ့သည်။

အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်းကို လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကျောင်းရှေ့ တည့်တည့် ကို ကြဲသွားခြင်းဖြစ်သည်ဟု အာရက္ခတပ်တော် ULA/AA က ထုတ်ပြန်ထားသည်။

ထို့အပြင် အောက်တိုဘာလအတွင်းကလည်း ချင်းပြည်၊ ဟားခါးမြို့နယ်တွင် မူလတန်းကျောင်းတစ်ကျောင်း ဗုံးကြဲခံခဲ့ရပြီး Grade-3 နှင့် Grade-5 ကျောင်းသား၊ ကျောင်းသူလေး နှစ်ဦးမှာလည်း စာသင်ခန်းအတွင်း၌ပင် နေရာတင် သေဆုံးခဲ့ရသည်။

CHRO အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက “ဒီရက်စက်ကြမ်းကြုတ်မှုတွေဟာ စစ်ကောင်စီရဲ့ လူ့အသက်ကို နယ်ပယ်မဲ့ လျစ်လျူရှုမှုကို နောက်ထပ် သက်သေပြနေတာပဲ။ နိုင်ငံတကာ အသိုက်အဝန်းဟာ ပိုပြီး ဆောင်ရွက်ရပါမယ်” ဟု ပြောသည်။

AAPP ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ ၅ နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်ကြောင့် သေဆုံးခဲ့ရသည့် ပြည်သူစုစုပေါင်း ၇,၇၀၁ ဦး ရှိလာပြီဖြစ်သည်။

လက်ရှိတွင် တော်လှန်ရေးနယ်မြေများရှိ စာသင်ကျောင်းများသည် စစ်ကော်မရှင်တပ်၏ အဓိက လေကြောင်း ပစ်မှတ်များ ဖြစ်လာနေသဖြင့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများသည် နေ့စဉ်နှင့်အမျှ စိုးရိမ် ထိတ်လန့်စွာဖြင့် ပညာသင်ကြားနေကြရသည့် အခြေအနေဖြစ်သည်ဟု ဆိုကြသည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...