စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ်က လေကြောင်းမှ ရည် ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ အရပ်သားပြည်သူ ၇ ဦး ထက်မနည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၇ ရက် ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာ သည့် ဂျိုင်ရိုကော်ပတာ (Gyrocopter) များနှင့် Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့သည် ရေဦးမြို့ နယ်၊ တင်းတိမ်ရံကျေးရွာရှိ ဈေးနှင့် ကပ်လျက်တည်ရှိသော ကားဝပ်ရှော့သို့ တည့်တည့် ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၂၀ မှ ၅၀ နှစ်ကြားရှိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၆ ဦး နေရာတွင်ပင် သေဆုံးခဲ့ရပြီး နောက်ထပ် အမျိုးသား ၃ ဦး ဒဏ်ရာရရှိကာ ကားဝပ်ရှော့နှင့် ဈေးဆိုင်ခန်းအချို့ ပျက်စီးခဲ့ရသည်။ အလားတူ ကား ၁၀ ထက်မနည်းလည်း ပျက်စီးသွားခဲ့သည်။
ရေဦးမြို့နယ် ဒေသခံတစ်ဦးက “ဗုံးကြဲတာက ညနေ ၅ နာရီကျော်လောက်မှာ ဖြစ်တာပါ။ အရပ်သားတွေရှိတဲ့ ကားအလုပ်ရုံကို ဝပ်ရှော့နေရာကို ဂျိုင်ရိုကော်ပတာနိမ့်နိမ့်နဲ့ တည့်တည့်ကို လာကြဲသွားတာ။ ၇ ယောက် သေသွားတယ်။ လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ပါ လိုက်ပစ်တော့ ဘေးက အိမ်တွေလည်း မှန်တယ်။ ကြောက်လန့်ပြီး အရပ်သားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်” ဟု ပြောသည်။
ထို့ပြင် အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း လေယာဉ်ပေါ်မှပါ စက်လတ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းတိမ်းရှောင်နေကြရသည်။
ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ နယ်ဘက်မှာ စစ်တပ်က မြို့ပေါ်ကိုပဲ ထိန်းချုပ်ထားနိုင် တာ။ မြို့ ပတ်ဝန်းကျင် ရွာတွေကို စစ်တပ်က ထိန်းချုပ်နိုင်စွမ်း မရှိဘူး။ မြေပြင်မှာ တိုက်ပွဲမရှိ၊ တော်လှန်ရေး တပ်ဖွဲ့တွေ မရှိဘဲနဲ့ အခုလို အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဆက်တိုက် တိုက် ခိုက်နေတာပါ။ ပြည်သူတွေအနေနဲ့ လေကြောင်းသတင်းတွေကို အမြဲနားစိုပြီး ပုန်းခိုကျင်းတွေထဲ ကြိုတင် ဝင်ရောက်နေထိုင်ကြဖို့ သတိပေးချင်ပါတယ်” ဟု ပြောသည်။
တင်းတိမ်ရံကျေးရွာသည် စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်အုပ်စုတပ် စစ်ကြောင်းများ၏ အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရသလို စာသင်ကျောင်း အပါအဝင် ကျေးရွာအတွင်းသို့ လေကြောင်းမှ ဗုံးကြဲခံနေရသည့် ကျေးရွာလည်း ဖြစ်သည်။
စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၇ ရက်နေ့၌ ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာအပြင် ချောင်းဦးမြို့နယ် အတွင်းသို့ပါ ဂျိုင်ရိုကော်ပတာများဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
အလားတူ စက်တင်ဘာလ ၆ ရက်နေ့ကလည်း အနီးဝန်းကျင်ရှိ ကနီမြို့နယ်၊ ယာကြီးကျေးရွာအနီးတွင် စစ်အုပ်စု တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စစ်အုပ်စုတပ်သည် မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို အင်အား ၈၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေသဖြင့် မုံရွာ-ယာကြီး-ကလေး ကားလမ်းဘေးဝဲယာရှိ ချောင်းမ၊ အောင်မင်္ဂလာ၊ သင့်ငံနှင့် ယာကြီးအုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အဆိုပါ စစ်ကြောင်းသည် ယာကြီးကျေးရွာအုပ်စုအတွင်းရှိ ရွာမကျေးရွာနှင့် ရေဖြူကျေးရွာတို့တွင် တပ်စွဲကာ ဒဏ်ရာရ စစ်သည်များကို ဆေးကုသမှု ပေးနေပြီး အနီးနား ပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိသည်။







