ထိန်းသိမ်းခံရိုဟင်ဂျာများကို မလေးရှားအစိုးရက ဒုက္ခသည်မှတ်ပုံတင်မှု စနစ်အသစ် စတင်

ထိန်းသိမ်းခံရိုဟင်ဂျာများကို မလေးရှားအစိုးရက ဒုက္ခသည်မှတ်ပုံတင်မှု စနစ်အသစ် စတင်

မလေးရှားအစိုးရသည် ဒုက္ခသည်များအတွက် မှတ်ပုံတင်စနစ်အသစ်တစ်ရပ်ကို ဇန်နဝါရီလ ၁ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး နိုင်ငံအတွင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော ရိုဟင်ဂျာ ဒုက္ခသည်များကို ဦးစားပေးမှတ်ပုံတင်လုပ်ဆောင်နေကြောင်း သိရသည်။

မလေးရှာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး ဆိုင်ဖုဒ်ဒင် နာဆူးရှင်း အစ္စမေးလ်က “ဒုက္ခသည်မှတ်ပုံတင်စာရွက် (DPP)” ဟု ခေါ်သော စနစ်အသစ်သည် နိုင်ငံတစ်ဝှမ်းရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၁၆ ခုအတွင်း ထိန်းသိမ်းခံထားရသော ရိုဟင်ဂျာ ဒုက္ခသည်များကို ပထမဦးဆုံး အဓိကထား မှတ်ပုံတင်သွားမည်ဟု ပြောကြားခဲ့သည်။

မှတ်ပုံတင်လုပ်ငန်းတွင် လူဝင်မှုကြီးကြပ်ရေးဌာနက စီမံခန့်ခွဲနေသည့် “ဘိုင်တူလ် မဟာဘာဟ်” ကလေးစောင့်ရှောက်ရေး စင်တာ ၄ ခုတွင် နေထိုင်နေသော ကလေးများလည်း ပါဝင်မည်ဖြစ်သည်။ 

အဆိုပါ စင်တာများတွင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများအတွင်း မွေးဖွားခဲ့သော သို့မဟုတ် မိဘများ ဖမ်းဆီးခံရပြီးနောက် ခွဲခွာနေရသော အသက် ၁၀ နှစ်အောက် ကလေးများကို ယာယီ စောင့်ရှောက်ထားခြင်း ဖြစ်သည်။

ဝန်ကြီး၏ ပြောကြားချက်အရ ဒုက္ခသည်များကို အဆင့်လိုက်အနေဖြင့် ပီရတ် ပြည်နယ်ရှိ ဘီဒေါမြို့၌ တည်ရှိသည့် အထူး ဒုက္ခသည်နှင့် ခိုလှုံခွင့်လျှောက်ထားသူများ စိစစ်ရေးစင်တာသို့ ပြောင်းရွှေ့ပို့ဆောင်မည် ဖြစ်သည်။ 

အဆိုပါ စင်တာတွင် ဒုက္ခသည်အဖြစ် သတ်မှတ်သင့်မသင့် ဆုံးဖြတ်နိုင်ရန် အင်တာဗျူးများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် ဒုက္ခသည် ၂၆ ဦးပါဝင်သော ပထမအဖွဲ့ကို ဘီဒေါ စင်တာသို့ ပြောင်းရွှေ့ခဲ့ပြီး ယခုအချိန်အထိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော လူပေါင်း ၄,၀၀၃ ဦး၏ ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းတင်ပြီး ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

မလေးရှာ အစိုးရအနေဖြင့် ဒုက္ခသည်များအားလုံးသည် DPP စနစ်အောက်တွင် မဖြစ်မနေ မှတ်ပုံတင်ရမည် ဖြစ်ပြီး ထိုစနစ်သည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်လျှောက်ထားသူများကို ပိုမိုစနစ်တကျ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးက ပြောသည်။

အင်တာဗျူး ပြုလုပ်ပြီးနောက် စိစစ်ရေးကော်မတီတစ်ရပ်က အကဲဖြတ်ပြီး အကြံပြုချက်များ တင်သွင်းမည် ဖြစ်ကာ နောက်ဆုံးအနေဖြင့် အထူးကော်မတီက ဒုက္ခသည် အဖြစ် အသိအမှတ်ပြုမပြု ဆုံးဖြတ်သွားမည် ဖြစ်သည်။

DPP ကို ရရှိသူများအား နောက်ဆုံး အစီအစဉ်များ မသတ်မှတ်မချင်း ယာယီအနေဖြင့် နိုင်ငံအတွင်း နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး ယင်းအစီအစဉ်များတွင် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်း သို့မဟုတ် မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းတို့ ပါဝင်နိုင်ကြောင်း သိရသည်။

DPP စနစ်အသစ်သည် ယခင်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ စီမံခန့်ခွဲလုပ်ဆောင်ခဲ့သော ဒုက္ခသည် မှတ်ပုံတင်စနစ်ကို အစားထိုးသွားမည် ဖြစ်သည်။ အစိုးရအနေဖြင့် အစိုးရ ပါဝင်မှုမရှိဘဲ UNHCR က တစ်ဖက်သတ် ဆောင်ရွက်ခဲ့ခြင်းကို လုံခြုံရေးအန္တရာယ်တစ်ရပ်အဖြစ် ယခင်က ဖော်ပြခဲ့ဖူးသည်။

UNHCR ဘက်မှလည်း ဒုက္ခသည်များကို မှတ်ပုံတင်ခြင်းသည် အကာအကွယ်ပေးရေးအတွက် အလွန်အရေးကြီးကြောင်း အလေးထားပြောကြားထားသည်။ မှတ်ပုံတင်ထားခြင်းသည် အတင်းအကျပ် ပြန်လည်ပို့ဆောင်ခြင်း၊ အလိုမရှိ ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်းများကို ကာကွယ်ပေးနိုင်သလို အစားအစာ၊ အမိုးအကာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံအကူအညီများ ရရှိနိုင်ရန်လည်း အထောက်အကူပြုကြောင်း UNHCR က ဆိုသည်။

အေဂျင်စီ၏ ပြောကြားချက်အရ ဒုက္ခသည်များအား မှတ်ပုံတင်ခြင်းသည် အတင်းအကျပ် ပြန်လည်ပို့ဆောင်ခြင်း (refoulement)၊ မတရား ဖမ်းဆီးခြင်းနှင့် အချိန်ကြာရှည်အကျဉ်းချခြင်း များကို တားဆီးရာတွင် အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်သည်။ ထို့အပြင် မိသားစုများ အတူတကွ နေထိုင်နိုင်ရေးကို အထောက်အကူပြုသလို မိသားစုဝင်များနှင့် ခွဲခွာနေသော ကလေးများကို ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက်လည်း အရေးကြီးကြောင်း ဆိုသည်။

UNHCR ၏ ထပ်ဆင့်ဖော်ပြချက်အရ မှတ်ပုံတင်မှုမှ ရရှိသည့် ဒေတာများသည် အမိုးအကာ၊ အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းရေးဝန်ဆောင်မှုများနှင့် အခြား အထူးလိုအပ်ချက်ရှိသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စီမံကိန်းရေးဆွဲရာတွင် အခြေခံအချက်အလက်အဖြစ် အသုံးဝင်ကြောင်း သိရသည်။

ထို့အပြင် အစိုးရမှ အသိအမှတ်ပြုထားသော ကိုယ်ရေးအထောက်အထားစာရွက်စာတမ်းများ သည် ဒုက္ခသည်များ၏ ဥပဒေအရ အသိအမှတ်ပြုမှုကို မြှင့်တင်ပေးပြီး လူမှုရေးနှင့် စီးပွားရေး ပေါင်းစည်းမှုကိုလည်း အထောက်အကူပြုကြောင်း UNHCR က ပြောကြားသည်။ ယင်းစာရွက်စာတမ်းများကြောင့် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေး၊ ဘဏ်ဝန်ဆောင်မှုများ အသုံးပြုနိုင်ရေး၊ SIM ကတ် မှတ်ပုံတင်နိုင်ရေးနှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို လွယ်ကူစွာ အသုံးပြုနိုင်ရေးတို့ကို အထောက်အကူပြုကြောင်းလည်း ထပ်မံရှင်းလင်းထားသည်။

ဒုက္ခသည်များအတွက် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (Global Compact on Refugees) အရ UNHCR သည် နိုင်ငံအဆင့် ဒုက္ခသည် မှတ်ပုံတင်ခြင်းနှင့် မှတ်တမ်းထုတ်ပေးခြင်း စနစ်များကို အားဖြည့်ကူညီရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းကူညီမှုများတွင် နည်းပညာအထောက်အပံ့များ၊ ဒစ်ဂျစ်တယ်စနစ်များ ဖွံ့ဖြိုးရေး၊ ဇီဝအချက်အလက် (biometric) နည်းပညာများ အသုံးချရေးနှင့် ကိုယ်ရေးအချက်အလက် လုံခြုံရေး စံနှုန်းများနှင့် ကိုက်ညီသည့် ဒေတာမျှဝေမှု စနစ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Most read this week

May 21, 2026
ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းသည် နိုင်ငံတကာ အကူအညီ လျော့နည်းလာမှုကြောင့်...
May 14, 2026
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ ဦးကီယာ (Ukhiya upazila)တွင် ရိုဟင်ဂျာဒုက္ခသည်များအတွက်...
April 23, 2026
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ် ‌ဒေါက်တာ အဗ္ဗဒူလာ ဇာဖာရ် ဘင် အဘီယာ (Dr...
April 22, 2026
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခေါ်လီလူရ် ရာမန် (Khalilur Rahman ) က ရိုဟင်ဂျာ...