မော်လမြိုင်မြို့မှာ စစ်မှုထမ်းအတွက် အမျိုးသမီးစာရင်းတွေ လိုက်လံကောက်ယူနေ

မော်လမြိုင်မြို့မှာ စစ်မှုထမ်းအတွက် အမျိုးသမီးစာရင်းတွေ လိုက်လံကောက်ယူနေ

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဟာ ပြည်သူ့ စစ်မှုထမ်းအတွက် အမျိုးသမီး စာရင်းတွေ လိုက်လံ ကောက်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ စစ်မှုထမ်းအတွက် အမျိုးသ မီးတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ၊ အိမ်ထောင် ရှိမရှိ အပြင် အသေးစိတ်အချက်အလက်တွေကအစ ကောက်ယူသွားတာပါ။

ကောက်ယူသွားတဲ့ အမျိုးသမီးတွေရဲ့ အချက်အလက်တွေကိုတော့ သက်ဆိုင်ရာကို တင်ပြသွားမှာ ဖြစ်ပြီး အမျိုးသမီး စစ်မှုထမ်း စတင် ခေါ်ယူတဲ့ နေရာမှာ လိုအပ်ပါက အသုံးပြုသွားမှာ ဖြစ်တယ်လို့ ရပ်ကျေး အဖွဲ့ဝင်တွေ ပြောဆိုသွားကြောင်း ဒေသခံတွေက ဆိုပါတယ်။

မော်လမြိုင်မြို့ခံ တစ်ဦးက‌တော့ လက်ရှိ စစ်ကော်မရှင် လက်အောက်ခံ ရပ်/ကျေး အဖွဲ့ဝင်တွေဟာ အမျိုးသမီး စာရင်းတွေကို အိမ်တိုင်း လိုက်လံ ကောက်ယူနေပြီး အသေစိတ် အချက်အလက်က အစ ကောက်ယူကာ ဘာလုပ်မယ် ဆိုတာတော့ မပြောသွားဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အမျိုးသမီး စာရင်း ကောက်တာက အိမ်တိုင်းကို ကောက်တယ်။ အိမ်တွေမှာ အမျိုးသမီး လူဦးရေ ဘယ်လောက်ရှိလဲဆိုပြီးတော့ အခု သီးသန့် လာ‌ကောက်တယ်။ အလုပ်အကိုင် မေးတယ်။ ကျောင်း သားလား။ တက္ကသိုလ် ကျောင်းသားလား။ အထက်တန်း ကျောင်းသားလား။ အိမ်ထောင်ရှိလား။ အိမ်ထောင် မရှိဘူးလား။ အသေးစိတ် ကောက်တယ်”လို့ ဆိုပါတယ်။

အမျိုးသမီး စာရင်းတွေကိုတော့ ရပ်ကွက် တချို့မှာ ကောက်ယူနေပေမယ့် တချို့ ရပ်ကွက်တွေမှာတော့ ကောက်ယူသေးတာ မရှိသလို အခုလို ကောက်ယူတာဟာ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူတဲ့အခါ အဆင်သင့် ဖြစ်အောင် ကောက်ယူတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အမျိုးသမီး တစ်ဦးကတော့ စစ်မှုထမ်းအတွက် အမျိုးသမီး စာရင်းတွေ ကောက်ယူတဲ့အပေါ် စိုး ရိမ်မှုတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စိုးရိမ်တာပေါ့။ အမျိုးသမီးတွေက ဘယ်လိုခေါ်မလဲ အမျိုးသားတွေက ကြံ့ခိုင်မှု ရှိတယ်။ ဘာလို့ဆို အကြမ်းပတမ်း ခံနိုင်ရည် ရှိတယ်။ မိန်းကလေးတွေက အိမ်မှာ ပုခက်လွဲ အိမ်မှာ ချက်ပြုတ် အိမ် ထောင်မှု တာဝန် ထမ်းဆောင်နေတဲ့ မိန်းမတွေ ဆိုတာ အင်မတန် နူးညံ့တဲ့ မိန်းမတွေပေါ့နော်။ သူတို့အတွက်ကိုတော့ မကာကွယ်နိုင်ဘူးနော်”လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်က ပြန်လည် အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေအရ အမျိုး သမီးတွေဟာ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အတွင်း စစ်မှုထမ်းဖို့အတွက် အကြုံးဝင်သလို ကျွမ်းကျင်သူ အမျိုးသမီး ဖြစ်ပါက အသက် ၃၅ နှစ် ထိအကြုံးဝင်တယ်လို့ ပါရှိပါတယ်။

ကျွမ်းကျင်သူ အမျိုးသမီး ဆိုတဲ့နေရာမှာတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တက်မြောက်သူ ဒါမှမဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေကို ဆိုလိုတာ ဖြစ်တယ်လို့ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၁ အထိ စစ်မှုထမ်း စုဆောင်း ခံရတဲ့ အမျိုးသားပေါင်း ၄၂၀၀ ဝန်းကျင်ထိ ရှိလာပြီး ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ-Social Media
February 7, 2026
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေး စံချိန်တင်မြင့်တက်လာပြီးနောက် မွန်ပြည်နယ်က ရွှေလုပ်...
ဓာတ်ပုံ-MOI
February 6, 2026
အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ အားလုံးပူးပေါင်းပါဝင်ပေးဖို့ အာဏာသိမ်း စစ်ကော်မရှင်ခန့်...
ဓာတ်ပုံ-CJ
February 5, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်မှာ ကျူးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော်ကို...
ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...