ရွေးကောက်ပွဲ အပိုင်း ( ၂ ) လွှတ်တော်နေရာ ၁၄၀ ကျော်တွင် ကြံ့ဖွံ့ပါတီက ၁၁၀ ကျော် အနိုင်ရထား

ရွေးကောက်ပွဲ အပိုင်း ( ၂ ) လွှတ်တော်နေရာ ၁၄၀ ကျော်တွင် ကြံ့ဖွံ့ပါတီက ၁၁၀ ကျော် အနိုင်ရထား

စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း(၂) တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နေရာစုစုပေါင်း ၁၄၁ နေရာတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က ၁၁၁ နေရာ အနိုင်ရထားကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထုတ်ပြန်ချက်များအရ သိရသည်။

UEC ၏ ဇန်နဝါရီ ၁၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၉၄ နေရာတွင် နေရာ ၈၀ နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ ၄၇ နေရာတွင် ၃၁ နေရာကို ကြံ့ဖွံ့ပါတီက အနိုင်ရရှိထားခြင်းဖြစ်သည်။

လတ်တလော ထုတ်ပြန်ချက်အရ ကြံ့ဖွံ့ပါတီကဲ့သို့ နိုင်ငံတဝန်းစည်းရုံးမည့်ပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် တစညပါတီက ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် အမျိုးသားလွှတ်တော်ခြောက်နေရာ စုစုပေါင်း ရှစ်နေရာ အနိုင်ရပြီး ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီက အမျိုးသားလွှတ်တော် တနေရာ၊ ဒေါ်သက်သက်ခိုင်ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီက အမျိုးသားလွှတ်တော် တနေရာနှင့် ကျားဖြူပါတီက ပြည်သူ့လွှတ်တော်သုံးနေရာသာ အနိုင်ရထားသေးသည်။

ရွေးကောက်ပွဲ ဒုတိယပိုင်းကို စစ်ကော်မရှင်က ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲပထမပိုင်းတွင် ကြံ့ဖွံ့ပါတီက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၁၆ နေရာတွင် ၁၀၂ နေရာ အနိုင်ရထားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၁ နေရာတွင် ၂၁ နေရာ ရရှိထားသည်။

အမျိုးသားနှင့် ပြည်သူ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ပွဲအပိုင်း သုံးပိုင်းစလုံးအပြီးတွင် တပ်ကိုယ်စားလှယ် ၁၆၆ နေရာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၅၈၈ နေရာရှိမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်နေရာ၏ ထက်ဝက်ကျော်ဖြစ်သည့် ၂၉၅ နေရာပိုင်ဆိုင်ထားသည့် ပါတီသည် သမ္မတ ရွေးချယ်တင်မြှောက်နိုင်စွမ်းရှိသည်။

ထို့ကြောင့် လက်ရှိ အမျိုးသားနှင့် ပြည်သူ လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၂၃၄ နေရာရရှိထားသည့် ကြံ့ဖွံ့ပါတီအနေဖြင့် တပ်ကိုယ်စားလှယ်များနှင့် ပေါင်းပြီး သမ္မတ ရွေးချယ်တင်မြှောက်နိုင်ပြီဖြစ်သကဲ့သို့ နောက်ထပ် ၆၁ နေရာ အနိုင်ရပါက တပ်ကိုယ်စားလှယ်များကိုပင် မလိုတော့ဘဲ သမ္မတ တင်မြှောက်နိုင်မည်ဖြစ်သည်။

အပိုင်းသုံးပိုင်းရှိသည့် စစ်ကော်မရှင် ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၆၅ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူ FPTP မဲဆန္ဒနယ် ၇၃ နယ်၊ အချိုးကျကိုယ်စားပြုစနစ် PR မဲဆန္ဒနယ် ၂၆၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် FPTP မဲဆန္ဒနယ် ၂၅၇ နယ်၊ PR မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲ တတိယပိုင်းကိုမူ လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ၆၃ မြို့နယ်တွင် ကျင်းပသွားမည်ဟု ဆိုထားသည်။

မဲပေးသူများနည်းပါးခဲ့သည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် မဲစာရင်းနှင့် ကြိုတင်မဲပြဿနာများကိုလည်း ကြုံတွေ့ခဲ့ရကြောင်း ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် ပါတီများက ထုတ်ဖော်ပြောဆိုထားသည်။

ပဋိပက္ခများကြားမှ ကျင်းပသည့် အဆိုပါ ရွေးကောက်ပွဲသည် နိုင်ငံတဝန်းမြို့နယ် ၃၃၀ တွင် ၆၅ တွင်ကျင်းပနိုင်ခြင်းမရှိသည့်အပြင် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များတွင်လည်း ရပ်ကွက်၊ ကျေးရွာအုပ်စု ၄,၀၀၀ နီးပါးကို ချန်လှပ်ကျင်းပမည်ဖြစ်သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမည်မဟုတ်ကြောင်း၊ အတုအယောင်သာဖြစ်ပြီး လက်မခံကြောင်း တော်လှန်ရေးအင်အားစုများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပြောထားသည်။

ဓါတ်ပုံ- စစ်ကော်မရှင်ကျင်းပသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နေရာစုစုပေါင်း ၁၄၁ နေရာတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က ၁၁၁ နေရာ အနိုင်ရထားကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထုတ်ပြန်ချက်များအရ သိရသည်။ (စစ်ကော်မရှင်)

ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...