ရိက္ခာပြတ်နေသည့် ၆၆၆ ပွိုင့်စခန်းကုန်းသို့ Y-12 ဖြင့်ချပေးသည့်ရိက္ခာထုပ်များကို AA သိမ်းဆည်းရမိ

ရိက္ခာပြတ်နေသည့် ၆၆၆ ပွိုင့်စခန်းကုန်းသို့ Y-12 ဖြင့်ချပေးသည့်ရိက္ခာထုပ်များကို AA သိမ်းဆည်းရမိ

သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏ ၆၆၆ ပွိုင့်စခန်းကုန်းကို Y-12 ဖြင့်လာချပေးသည့် ရိက္ခာထုပ်များကို အာရက္ခတပ်တော်(AA)နှင့်‌ တော်လှန်‌ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

အဆိုပါစခန်းကုန်းသို့ ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့တွင် စစ်ကော်မရှင်ဘက်မှ Y-12 ဖြင့် ရိက္ခာထုပ်များလာချရာ စခန်းကုန်းနှင့် ကာကင်းထံမရောက်ဘဲ AA နှင့်‌ တော်လှန်‌ရေးတပ်ဖွဲ့ဝင်များထံ ရောက်ရှိသွားခဲ့သည်ဟု သိရသည်။

အဆိုပါရိက္ခာထုပ်များထဲတွင် ဒံပေါက်ဗူးများနှင့်‌ ရေအချို့ပါရှိသည်ဟု မြေပြင်စစ်‌ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"Y-12 နဲ့ချတာ အထုပ်က။ သူတို့ဆီမရောက်ဘူး။ AA နှင့်‌ တော်လှန်‌ ရေးတပ်ဖွဲ့ဝင်တွေဆီရောက်သွားတာ။ အထဲမှာတော့ ဒံပေါက်ချက်ပြီးသားဗူးတွေပါတယ်။ ရေတွေလည်း ပါတယ်" ဟု ပြောသည်။

အဆိုပါဒံပေါက်များတွင် အစိမ်းရောင်ပါသည့်အရောင်များ ရောနှောပါနေ၍ AA နှင့်‌ တော်လှန်‌ရေးတပ်ဖွဲ့ဝင်များကို တမင်လုပ်ကြံခြင်းဖြစ်နိုင်သည်ဟုလည်း စစ်ရေးသိရှိသူ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကနိရဉ္စရာကို ပြောသည်။

"ဒံပေါက်ဗူးထဲမှာ အစိမ်းရောင်တွေပါလာတာ ထူးခြားတယ်။ ရိက္ခာတွေကို တမင်ချတာလည်း ဖြစ်နိုင်တယ်။ မဟုတ်ရင် သူတို့ဖက်ကိုချမှာပေါ့။ သူတို့နေရာ သူတို့သိနေတာပဲလေ။ ဒါ စစ်ရေးအရရှုံးနိမ့်လာတော့ တမင် လုပ်ကြံတာဖြစ်နိုင်တယ်လို့ သုံးသပ်တယ်" ဟု ပြောသည်။

ကပစ(၁၆) အနီးရှိ ၆၆၆ ပွိုင့်စခန်းကုန်းသည် AA ဝိုင်းဝန်း ပိတ်ဆို့ထားသဖြင့် ရိက္ခာပြတ်တောက်နေပြီး ငတ်ပြတ်မှုများနှင့်ကြုံတွေ့နေရသည်ဟု သိရသည်။

ယင်းအပြင် ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှ ငတ်ပြတ်မှုကို မခံနိုင်၍ လက်နက်ခဲယမ်းအပြည့်အစုံဖြင့်ထွက်ပြေးလာသည့် ပြည်သူ့စစ်နှစ်ဦးကို AA က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်စစ်ကြောင်းများသည် ၆၆၆ စခန်းကုန်းသို့ စစ်ကူများကို ရသည့်နည်းဖြင့်ပို့ဆောင်ရန်ကြိုးပမ်းလျက်ရှိနေပြီး AA ဘက်ကလည်း လာသမျှစစ်ကူစစ်ကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ထားလျက်ရှိသည်ဟု သိရသည်။

June 8, 2026
နှင်းနွယ်နီ — လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှ...
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...