ချင်းပြည်နယ်တောင်ပိုင်း တပ်ဖွဲ့ ၄ ခု ပေါင်းစည်းမှု ပြည်သူ့ဝန်ဆောင်မှု ပိုမိုပေးနိုင်မည်ဟုဆို

ချင်းပြည်နယ်တောင်ပိုင်း တပ်ဖွဲ့ ၄ ခု ပေါင်းစည်းမှု ပြည်သူ့ဝန်ဆောင်မှု ပိုမိုပေးနိုင်မည်ဟုဆို

ပါခွီး — ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစု လေးဖွဲ့ ပေါင်းစည်းလိုက်ခြင်းကြောင့် ဒေသတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားလိုက်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (CDF-Mindat)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ကန်ပက်လက် (CDF-Kanpetlet)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (CDF-Matupi) နှင့် CDF-Daai စသည့် အဖွဲ့ လေးဖွဲ့ကို ဖျက်သိမ်းပြီးနောက် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယနေ့ (ဇန်နဝါရီလ ၁၆ )တွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပေါင်းစည်းပြီးနောက်ပိုင်း ပေါ်ပေါက်လာမည့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အခန်းကဏ္ဍများနှင့် ပတ်သက်၍ မဇ္ဈိမ၏ မေးမြန်းမှုကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"အဖွဲ့အစည်းတွေ ဌာနတခုတည်းအောက်မှာ ရှိလာတဲ့အတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူလူထု ဝန်ဆောင်မှုတွေကို ပိုမိုပေးနိုင်လာမယ်လို့ မျှော်လင့်ပါတယ်။ အဓိကကတော့ တော်လှန်ရေးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ပါပဲ" ဟု CPU/CPA သတင်းနှင့် ပြန်ကြားရေးအတွင်းရေးမှူး ဆလိုင်းယောမန်က ပြောကြားသည်။

အင်အားစု လေးဖွဲ့ ပေါင်းစည်းခြင်းကြောင့် စစ်ဆေးရေးဂိတ်များ ထားရှိမှုတွင် ချိတ်ဆက်မှု ပိုမိုအားကောင်းလာမည်ဖြစ်ရာ ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့လာမည့်အပြင်၊ အမိန့်ပေးစနစ်တခု (One Command) အောက်တွင် လုပ်ကိုင်ခြင်းကြောင့် မြို့နယ်ဖြတ်ကျော် မှုခင်းများကို ကိုင်တွယ်ရာတွင်လည်း ပိုမိုလွယ်ကူစေမည်ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ စုဖွဲ့လိုက်ခြင်းသည် ချင်းညီနောင် (CB) ၏ ဆုံးဖြတ်ချက်ဖြစ်သော One Army ဖြစ်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ပြီး CB နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့၏ ဦးဆောင်မှုမူဝါဒအောက်တွင် တသွေးတသံတည်း (One Command) ဖြင့် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

"ကျွန်တော်တို့ ငါးနှစ်အတွင်းမှာ အဖွဲ့အစည်းကိုယ်စီနဲ့ လုပ်ဆောင်လာခဲ့ကြတာပါ။ ဒီနေ့မှာတော့ စုစုစည်းစည်းနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးကို ထိထိရောက်ရောက် လုပ်နိုင်ဖို့ ပူးပေါင်းဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ဒေသတွင်း စစ်ရေး၊ နိုင်ငံရေးကို စုစည်းဦးဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်" ဟု CPU/CPA သတင်းပြန်ကြားရေးဥက္ကဋ္ဌ ဆလိုင်းအောင်မင်းက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် ချင်းလဲန်းကောင်စီ (CC) အဖွဲ့ဝင်များဖြစ်သည့် CDF-Paletwa၊ CDF-Matupi (တပ်မဟာ ၂) နှင့် CDF-Zotung တို့လည်း ရှိနေပြီး အချို့အဖွဲ့များနှင့် ဆက်ဆံရေး တည်ဆောက်ထားကာ မူဝါဒလမ်းစဉ်တူသော လမ်းကြောင်းတခုတည်းသို့ သွားနိုင်ရန် မျှော်လင့်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဗဟိုကော်မတီသည် အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး ၎င်းအောက်တွင် ဥက္ကဋ္ဌ လေးဦး၊ အတွင်းရေးမှူး လေးဦး၊ စစ်ဦးစီးချုပ်နှင့် ဒုစစ်ဦးစီးချုပ်တို့ ပါဝင်သည့် ဗဟိုအလုပ်အမှုဆောင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရသည်။

February 5, 2026
ဖေဖေါ်ရီလ ၅ ရက်၊ ၂၀၂၆ အရေးပါသည့် အဓိကအချက်များ ၂၀၂၅-၂၀၂၆ ခုနှစ်...
ဓါတ်ပုံ - အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊အင်ဖာမြို့ ဆာဂျီဝါး အကျဥ်းထောင်မှ တရားဝင်နေထိုင်ခွင့် အထောက် အထားမရှိသည့် အဖမ်းဆီးခံမြန်မာများအနက် ဖေဖော်ဝါရီ ၄ ရက်နေ့က ကလေးနှစ်ဦး အပါအဝင်လွတ်မြောက်လာသူ ၂၇ဦးကို ကျန်းမာရေးစစ်ဆေးနေစဥ်။ (စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန)
February 5, 2026
ပါခွီး — အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့ ဆာဂျီဝါးအကျဥ်းထောင်မှ မြန်မာနိုင်ငံသား ၂၇ ဦး...
February 4, 2026
နိုင်ငံ့လူဦးရေ၏ အများစုသည် မိမိတို့ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်ရေးကို...
February 3, 2026
စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကျားဖြန့် (...