မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းအတွက် လူငယ် ၂၀၀ ကျော် စစ်သားစုဆောင်းခံလိုက်ရတယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
နိုင်ငံအနှံ့ ခုခံတော်လှန်စစ်ကို ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကာလအတွင်းမှာလည်း မွန်ပြည်နယ်မှာ စစ်မှုထမ်း တပ်သားစုဆောင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်း တက်ရောက်ကြမယ့် လူငယ် ၂၀၀ ကျော်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့ အဖွဲ့က သွားရောက် တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဦးအောင်ကြည်သိန်းက သင်တန်းတက်ရောက်မယ့် လူငယ်တွေကို ပြည်သူ့စစ်မှုထမ်းဖြစ်ရတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြဖို့နဲ့ ပြည်သူတွေအနေနဲ့ စစ်မှုထမ်းဆောင်မှုအပေါ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တာပါ။
ပြည်နယ် စစ်ကော်မရှင်ဟာ လစဉ်တိုင်း စစ်မှုထမ်း သင်တန်းဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးပြီး စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေတာပါ။
အထူးသဖြင့် ဒေသန္တရအမိန့် ဖောက်ဖျက်တဲ့ လူငယ်တွေနဲ့ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ အရှိန်မြင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား စုဆောင်းမှုတွေကြောင့် ဒေသတွင်းက လူငယ်တွေဟာ ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာတာ၊ ပြည်တွင်းမှာလည်း စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ နေထိုင်နေရတယ်လို့ ဒေသခံ လူငယ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၀ အထိ လူငယ် ၄၀၀၀ နီးပါး စစ်သားစုဆောင်းခံထားရပါတယ်။







