ချင်းပြည်နယ်တွင် ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှု ပေးရန်အတွက် CDF- မင်းတပ်၊ MRO/ CDF- မတူပီ၊ CDF - ကန်ပက်လက်နှင့် CDF - ဒိုင်ရ်တို့ကို စုစည်း၍ ချင်းပြည်သူ့အစည်းအရုံး (CPU)/ ချင်းပြည်သူ့တပ်မတော် (CPA) ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယနေ့မှာ တရားဝင်ကြေညာသည်။
ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union)/ ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅) နေ့တွင် စတင်ဖွဲ့စည်းလိုက်သည်ဟု ၎င်းအဖွဲ့က ဇန်နဝါရီလ ၁၂ ရက်မှာ ထုတ်ပြန်သည်။
CPU/ CPA သည် ချင်းညီနောင်အဖွဲ့ဝင်အဖြစ် တက်ကြွစွာ ဆက်လက်ပါဝင်ပြီး စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင် ချုပ်ငြိမ်းရေး၊ ချင်းပြည်သူလူထု၏ မွေးရာ အခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး ဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းကို ဖော်ဆောင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးနှင့် ရည်မှန်းချက်တူညီသည့် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်ရေးနိုင်ငံရေးလုပ်ငန်း စဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းတောင်ပိုင်းရှိ ချင်းတော်လှန်ရေးအင်အားစုများဖြစ်သော မင်းတပ်မြို့အခြေစိုက် မင်းတပ်မြို့နယ် တော်လှန်ရေး ဦးဆောင် ကော်မတီ/ မင်းတပ်ပအဖ/ CDF- မင်းတပ်၊ MRO/ CDF- မတူပီ၊ ကန်ပက်လက် မြို့နယ်ကောင်စီ/ ကန်ပက်လက်ပအဖ/ CDF- ကန်ပက်လက်နှင့် ဒိုင်ရ်ဒေသန္တရကောင်စီ/ CDF - ဒိုင်ရ်တို့ကို စုစည်းပြီး တစ်ခုတစ်ဖွဲ့ တည်းအဖြစ် လက်ရှိမှာ CPU/ CPA ကို ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရာတွင် ချင်းပြည်နယ်ရှိ တော်လှန်ရေး အင်အားစုများ သည် ICNCC တွင်ဖြစ်စေ၊ ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC)တွင်ဖြစ်စေ စုစည်းပြီး ဆောင်ရွက်ခဲ့သော်လည်း တော်လှန်ရေးကာလအတွင်း အစုအဖွဲ့တချို့မှ စစ်ရေးထက် နိုင်ငံရေးအား ပိုမိုအားစိုက်လာသည့်အတွက် ချင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ဝိဝါဒကွဲပြားမှု ဖြစ်ပေါ်ခဲ့ကာ CJDC စုစည်းမှု ပျက်ပြယ်ခဲ့သည်ဟု ဆိုသည်။
CJDC ပျက်ပြယ်ပြီးနောက် စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်ကို ဖွဲ့စည်းတည်ထောင်လာခဲ့ပြီး မဟာမိတ်များနှင့် လက်တွဲ ပူးပေါင်းကာ ကျင်ဒွေးမြို့၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် ဖလမ်းမြို့နယ်တို့ကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ရေန် စွးမ်းဆောင်နိုင်ခဲ့သည်ဟု CPU/ CPA က ထုတ်ပြန်သည်။
CPU/ CPA စုစည်းမှုအဖွဲ့ထဲက CDF- မင်းတပ်၊ MRO/ CDF- မတူပီ၊ CDF - ကန်ပက်လက်တို့သည် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်ပြီး DRC/ CDF - ဒိုင်ရ်အဖွဲ့သည် ချင်းလဲန်းကောင်စီမှ နှုတ်ထွက်ထားသော အဖွဲ့ဖြစ်သည်။









