မွန်ပြည်နယ်မှာ ရွေးကောက်ပွဲကာလ စစ်မှုထမ်းအပတ်စဉ် ၂၁ အတွက် လူသစ်စုဆောင်းနေ

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲကာလ စစ်မှုထမ်းအပတ်စဉ် ၂၁ အတွက် လူသစ်စုဆောင်းနေ
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

မွန်ပြည်နယ်မှာ လာမယ့်ရက်ပိုင်းအတွင်း စစ်ကော်မရှင် ဖွင့်လှစ်ဖို့ရှိနေတဲ့ စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းအတွက် စစ်သားစုဆောင်းမှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေအပါအဝင် အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင် လာမယ့် စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းကို ဇန်နဝါရီ ဒုတိယအပတ်အတွင်း ဖွင့်လှစ်သွားဖို့ စီစဉ်ထားပြီး အဲဒီသင်တန်းအတွက် ရတဲ့နည်းလမ်းတွေနဲ့ တပ်သားစုဆောင်းနေတာပါ။

စစ်မှုထမ်း တပ်သားစုဆောင်းရာမှာ လူငယ်တွေကို ငွေကြေးနဲ့ ငှားရမ်းဝယ်ယူတာ၊ ညပိုင်းအပြင်ထွက်သွားလာတဲ့ လူငယ်တွေ ဖမ်းဆီးတာ၊ အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးနင်းမှုကို ဖမ်းဆီးတာအပြင် အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။

အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးကတော့ စစ်ကော်မရှင်ဘက်က စစ်မှုထမ်း အပတ် စဉ် ၂၁ အတွက် လူသစ်တောင်းခံနေတာကြောင့် ရတဲ့နည်းလမ်းတွေနဲ့ ရှာဖွေပေးနေရတယ်လို့ ပြောပါတယ်။

“အခုက သူတို့က စစ်မှုထမ်းသင်တန်းကို အရင်လို ပုံမှန်အတိုင်း ဖွင့်နေမှာလေ။ ရွေးကောက်ပွဲ ဘာညာရှိရှိ သူတို့ သတ်မှတ်ထားတဲ့ လူအရေအတွက် ပြည့်အောင်တော့ အုပ်ချုပ်ရေးမှူးတွေကို တောင်းတာပေါ့။သူတို့တောင်းတော့ မဖြစ်မနေ ပေးရမှာလေ။အဲဒီအတွက် တချို့ ဘာမှ နားမလည်တဲ့သူတွေဆိုရင် ရွေးကောက်ပွဲပြီးရင် ငြိမ်းချမ်းပြီ စစ်တွေဘာတွေ တိုက်စရာမလိုတော့ဘူး။ ဘာညာ ပြောပြီး ခေါ်တာ။ တချို့ အလုပ်အကိုင်မရှိတဲ့ သူတွေကိုတော့ မက်လုံးပေး ခေါ်တာတော့ ရှိနေတာပေါ့”လို့ ဆိုပါတယ်။

အထူးသဖြင့် ဒေသန္တရအမိန့် ဖောက်ဖျက်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့တွေက အုပ်ချုပ်ရေးမှူးတွေထံ တစ်ဦးလျှင် ငွေကျပ် သိန်း ၄၀ ကနေ သိန်း ၈၀ အထိ ရောင်းချပြီး စစ်မှုထမ်း တပ်သားစုဆောင်းနေတာပါ။

တဖက်မှာ စစ်ကော်မရှင်ဟာ လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း သင်တန်းအတွက် လူအရေအတွက် ပြည့်မီအောင် မဖြစ်မနေ စုဆောင်းဖို့ ဖိအားပေးထားသလို မစုဆောင်း နိုင်သူတွေကိုတော့ အရေးယူမယ်ဆိုပြီး ခံဝန်ထိုးခိုင်းတာတွေ ရှိနေတာပါ။

အခုလို စစ်ကော်မရှင်ရဲ့ ဖိအားတွေတာကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ လူစား ထိုးအငှားခေါ်ယူလို့ မရတဲ့ နေရာတွေမှာ စစ်မှုထမ်းအတွက် မဲနှိုက်ခိုင်းတာ၊ မဲမနှိုက်တဲ့သူတွေကို ဆင့်ခေါ်စာပေးပို့ပြီး ခေါ်ယူတာတွေ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၀ အထိ ဒေသတွင်းက စစ်မှုထမ်းနဲ့ အကြုံးဝင်တဲ့ လူငယ် ၄၀၀၀ နီးပါး စစ်သားစုဆောင်းခံထားရပါတယ်။

Most read this week

February 21, 2026
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်ကျော်ကာလအတွင်း စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံ...
February 20, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၂ သင် တန်းအတွက်...
ဓာတ်ပုံ-SAC
February 19, 2026
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို...
February 18, 2026
ပုလော — တနင်္သာရီတိုင်း ပုလောမြို့နယ် တောင်ခေါင်းလောင်းကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း...